News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားတို့ နျူအစီအစဉ် စွန့်လွှတ်ခြင်းထက် မြက်စားရမည့်လမ်းကို ရွေးချယ်မည့်သဘောရှိဟု ရုရှားသမ္မတပူတင် သုံးသပ်
မော်စကို၊ စက်တင်ဘာ ၆

မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ကြိုးစားခြင်းသည် အသုံးမဝင်သည့် အလုပ်တစ်ခုကိုသာ လုပ်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားတို့သည် နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ခြင်းထက် မြက်စားရမည့် ကိစ္စကိုသာ ရွေးချယ်မည့် သဘောတွင် ရှိသည်ဟု  ဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံပြုလုပ်နိုင်ရေးအတွက် ကုလသမဂ္ဂ ဆုံးဖြတ်ချက်သစ်တစ်ရပ် ပေါ်ပေါက်ရန် ကြိုးစားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရုရှားသမ္မတပူတင်က “သူတို့က မြက်စားချင် စားလိမ့်မယ်၊ နျူကလီးယား အစီအစဉ်ကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး” ဟု ဆိုပြီး  ယင်းနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်လုပ်ရန် ကြိုးပမ်းခြင်းသည် အချည်းအနှီးသာ ဖြစ်လိမ့်မည်ဟု ထောက်ပြပြောဆိုသွားသည်။ 

ထို့ပြင် စစ်ဖြစ်ရန် ရူးသွပ်မှုများ အရှိန်မြင့်တက်လာခြင်းက ကမ္ဘာလုံး ယမ်းပုံမီးကျ အခြေအနေထဲသို့ ဆိုက်ရောက်သွားနိုင်ကြောင်း သမ္မတပူတင်က ထပ်လောင်းပြောကြားသည်။ 

မြောက်ကိုရီးယား ပြဿနာအတွက် တစ်ခုတည်းသော အဖြေမှာ သံတမန်နည်းလမ်းသာ ဖြစ်သည်ဟုလည်း ပူတင်က အကြံပြု ပြောကြားသည်။ 

မြောက်ကိုရီးယား၏ အနီးကပ်မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံကလည်း နျူကလီးယား ပြဿနာအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြန်လုပ်ကြရန် တိုက်တွန်းပြောဆိုထားသည်။ 

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ဟန်တေဆောင်းက မြောက်ကိုရီးယား၏ မိမိကိုယ်မိမိ အကာအကွယ်ပြုရန် ရည်ရွယ်သော လုပ်ဆောင်ချက်များ (နျူကလီးယား စမ်းသပ်ချက်ကို ဆိုလိုသည်) သည် အမေရိကန်ပြည်ထောင်စုအတွက် လက်ဆောင်တစ်ခုပင် ဖြစ်ကြောင်း ပြောကြားသည်။ 

“အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လုပ်ရပ်တွေ၊ ရန်စပြုမူမှုတွေ ဆက်လုပ်နေသေးသရွေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ဆောင်တွေ ထပ်မံ လက်ခံရရှိဦးမှာပဲ ဖြစ်တယ်” ဟု သံအမတ်ကြီး ဟန်တေဆောင်း၏ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ 

မြောက်ကိုရီးယားများ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ခြင်းထက် မြက်စားရမည့် လမ်းကိုသာ ရွေးချယ်ကောင်း ရွေးချယ်နိုင်သည်ဟူသော အဆိုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ဇီယာမန်မြို့တွင် ကျင်းပပြုလုပ်နေသည့် Brics ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို ရန်စပြုမူသည့် လုပ်ရပ်အဖြစ်  ပူတင်က ရှုတ်ချပြောဆိုသလို မည်သို့သော  ဒဏ်ခတ်ပိတ်ဆို့မှုမျိုးမဆို အသုံးမဝင်၊ ထိရောက်မှု ရှိလိမ့်မည် မဟုတ်ဟုလည်း ဝေဖန်သွားသည်။ 

“သူတို့က လုံခြုံမှု မရှိဘူးလို့ ခံစားနေရသရွေ့ မြက်သာစားချင် စားလိမ့်မယ်၊ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကိုတော့  စွန့်လွှတ်မှာ မဟုတ်ဘူး။ အဲတော့ လုံခြုံမှုရဖို့ ဘယ်အရာက လုပ်ဆောင်ပေးနိုင်သလဲ။ နိုင်ငံတကာ တရားဥပဒေတွေ ပြန်လည်သက်ဝင်လာမှပါ။ အဲဒီတော့ သက်ဆိုင်ရာ အုပ်စုတွေအားလုံး ဒိုင်ယာလော့ခ်လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းကြရမယ်” ဟု ပူတင်က ပြောကြားသည်။ 

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်ကကြည့်မည် ဆိုလျှင်လည်း  ဒဏ်ခတ်အရေးယူမှုကြောင့် သန်းပေါင်းများစွာသော ပြည်သူများသာ ဒုက္ခခံစားကြရမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

F-01