News

POST TYPE

LATEST NEWS POST

မန္တလေး ကုန်စည်ဒိုင် ယခုနှစ်အတွင်း ပဲကိစ္စ ငွေကြေးလိမ်လည်မှု မရှိဟုဆို
23-Aug-2017 tagged as ပဲ မန္တလေး

မန္တလေး၊ ဩဂုတ် ၂၃

မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။

ပဲအရောင်းအဝယ်ပြုလုပ်ရာတွင် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေသည် ဟူသောသတင်းတစ်ရပ် ဩဂုတ်လ ၂၂ ရက်နေ့ကစ၍ လူမှုကွန်ရက် စာမျက်နှာထက်တွင် ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီ ပဲလိမ်လည်တယ် ဆိုတဲ့သတင်းက မဟုတ်ပါဘူး။ မန္တလေး ကုန်စည် ဒိုင်မှာလည်း မဖြစ်ပါဘူး။ အပြင်က ပွဲရုံတွေမှာလည်း မဖြစ်ပါဘူး။ ကောလာဟလပါ”ဟု ၎င်းကဆိုသည်။  

ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပဲပြေးဆိုသည့် ခေါင်းစဉ်ဖြင့် မုံရွာမြို့တွင်တစ်ဦး သိန်း ၁၀,ဝ၀ဝ ခန့်၊ ပခုက္ကူမြို့တွင် နှစ်ဦး သိန်း ၆၅၀ဝ ကျော်၊ တောင်တွင်းကြီးမြို့တွင် တစ်ဦး သိန်း ၅၇၈၀ ခန့်၊ ကျောက်ပန်းတောင်းတွင် သုံးဦး သိန်း ၃၅၀ဝ ခန့်နှင့် မန္တလေးမြို့တွင် ခြောက်ဦး သိန်း ၇၀,ဝ၀ဝ ကျော်ဟု ဩဂုတ်လ ၂၂ ရက်နေ့က ဖော်ပြခဲ့ရာမှ ပဲလောကအတွင်း ဂယက်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ ပဲကုန်သည်ကြီးများက ပြောကြားသည်။

“ပဲလိမ်ပြေးတယ် ဆိုတဲ့သတင်းက မဟုတ်ပါဘူး။ ကောလာဟလပဲ။ မန္တလေးမြို့မှာ မဖြစ်သလို မုံရွာတို့၊ ပခုက္ကူတို့ စတဲ့မြို့မှာလည်း ဖြစ်တာ မကြားမိပါဘူး”ဟု မန္တလေးမြို့ရှိ မုံရွာပွဲရုံပိုင်ရှင် ဦးမျိုးဆွေက ပြောဆိုသည်။

ပဲလိမ်လည်တိုင်ကြားမှုများ ၂၀၁၆ ခုနှစ်အထိ ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းခဲ့ရကြောင်း၊ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ တောင်သူများထံမှ ပဲမပေါ်မီ ကာလကတည်းက ကြိုတင်ဈေးဖြတ်ကာ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခြင်းကြောင့် လိမ်လည်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းသို့မဖြစ်စေရန် ယခုနှစ်တွင် မန္တလေး ကုန်စည်ဒိုင်၌ ကြို ပွိုင့်စနစ်ဖြင့် ရောင်းချခြင်းကို ခွင့်မပြုတော့ကြောင်း ကထိန်တော် အသင်းဥက္ကဋ္ဌ  ဦးသက်တင်းက ထပ်လောင်း ပြောကြားသည်။

“ပဲလိမ်လည်တာတော့ မရှိဘူး။ ဒီနှစ် ပဲဈေးဖြတ်တာကလည်း အရင်နှစ်နဲ့ယှဉ်ရင် သုံးပုံ တစ်ပုံလောက်ပဲ ရှိတယ်။ ရန်ကုန်လိုတော့ ကုန်စည်ဒိုင် အဝယ် ပိတ်သိမ်းတာတွေ မလုပ်ဘူး။ ဒီမှာကတော့ နေ့စဉ် အရောင်းအဝယ် လုပ်နေတယ်။ အရောင်းအဝယ်ကတော့ အေးတယ်”ဟု ၎င်းကဆိုသည်။

ယခင်နှစ်က ပိဿာ ၆၀ ဝင် မတ်ပဲ တစ်အိတ်လျှင် ကျပ် ၁၅၀çဝ၀ဝ ဖြင့် ဈေး စဖွင့်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၁၅çဝ၀ဝ ဖြင့်သာ ဈေးဖွင့်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအနေနှင့် ကျပ် ၇၀,ဝ၀ဝ သာ ဈေးရသောကြောင့် အရောင်းအဝယ် အေးနေကြောင်း မုံရွာ ပွဲရုံပိုင်ရှင် ဦးမျိုးဆွေက ပြောကြားသည်။

“ဒီသတင်းကို ကြားပါတယ်။ ကောလာဟလပါ။ ဒီသတင်းထက် အိန္ဒိယဘက်က ပဲအဝယ် ကန့်သတ်လိုက်လို့ ရန်ကုန် ကုန်စည်ဒိုင်တော့ ယာယီ ပိတ်သိမ်းတာရှိတယ်။ မန္တလေးကတော့ မပိတ်သေးဘူး။ ဈေးကွက်တော့ အေးနေတယ်”ဟု မန္တလေးမြို့ ကုန်စည်ဒိုင်သို့ လာရောက်သည့် ဘောဂပွဲရုံပိုင်ရှင် ဦးမောင်ဌေးက ပြောဆိုသည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပါအဝင် ပြည်ပမှ မတ်ပဲနှင့် ပဲစင်းငုံ တင်သွင်းမှု ကန့်သတ်လိုက်သောကြောင့် ဩဂုတ်လအတွင်း ပြည်တွင်းပဲဈေးကွက် ဆက်တိုက် ကျဆင်းလာခဲ့ရာမှ ဩဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင် ပဲဈေးကွက်၌ ဈေးဖွင့် ရောင်းဝယ်မှု ယာယီ ပိတ်သိမ်းထားခဲ့သည်။

ယင်းသို့ အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒ ပြောင်းလဲလိုက်ခြင်းနှင့် ပတ်သက်၍ ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပြုလုပ်မည်ဖြစ်သည်။ 

ဝင်းရွှေရည်ဦး