News

POST TYPE

LATEST NEWS POST

မွန်ပြည်သစ်ပါတီနှင့် မွန်အစိုးရအဖွဲ့တို့ NCA လက်မှတ်ရေးထိုးရေး ဆွေးနွေး
မော်လမြိုင်၊ ဩဂုတ် ၂၃

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ပတ်သက်သည့်ကိစ္စ အဓိက ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး နိုင်ဂျော်ယဲ့၊ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှနှင့် ဗဟိုကော်မတီဝင်တို့ ဦးဆောင်သည့်အဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“အခုဆွေးနွေးပွဲမှာ သူတို့အနေနဲ့လည်း NCA လက်မှတ်ထိုးဖို့အတွက် အချိန် ၃ လလောက် ပေးဖို့အတွက် မေတ္တာရပ်ခံတယ်။ ဒါပေမဲ့ သူတို့က NCA လမ်းကြောင်းအတိုင်း သွားဖို့ကိုလည်း အများစုမှာ ဆန္ဒရှိကြတယ်၊ နောက်တစ်ခုက သူတို့က UNFC မှာ ဥက္ကဋ္ဌဖြစ်နေတဲ့အတွက် ကျန်တဲ့အဖွဲ့တွေကို စည်းရုံးရေး ဆင်းနေတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ် အစိုးရဘက်က ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းမှာ ပါဝင်နိုင်ရန်အတွက် NCA ကို လက်မှတ်ရေးထိုးရန်လိုသည်ဟု ပြည်နယ်အစိုးရက တိုက်တွန်းထားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ ဌာနတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“ဝန်ကြီးချုပ်က ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကို အရင်ကတည်းကလည်း တိုက်တွန်းဖူးပါတယ်။ အခုလည်း ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းမှာ ကျွန်တော်တို့ပါတီ ပါဝင်နိုင်ဖို့ NCA ထိုးဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းက ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် NCA အကြောင်းများအပြင် မွန်စာပေ သင်ကြားရေးကိစ္စ၊ မွန်လူထု ကန့်ကွက်နေသည့် MCL ဘိလပ်မြေစက်ရုံကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသလို နောက်နောင် ထပ်မံ တွေ့ဆုံကြမည့် ကိစ္စလည်း ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

NLD အစိုးရလက်ထက်တွင် ဦးမင်းမင်းဦး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က ပထမအကြိမ်အဖြစ် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ် ဒေါက်တာ အေးဇံလက်ထက်မှာ ယခုအကြိမ်ပါဆိုလျှင် ၂ ကြိမ် တွေ့ဆုံခဲ့ကြသည်။

မွန်ပြည်သစ် ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး NCA ကို လက်မှတ်ရေးထိုးနိုင်ရန်အတွက်လည်း UNFC အဖွဲ့အစည်းနှင့်အတူ ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။

Dawei Watch