News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို ယနေ့ ရုံးထုတ်မည်
ရန်ကုန်၊ ဩဂုတ် ၂၀

အဂတိလိုက်စားမှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ငါးဦးကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ရုံးထုတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဒီအမှုမှာ ဝရမ်းထုတ်ထားသူ တစ်ယောက်က အခုထိ မမိသေးတာကြောင့် ရုံးထုတ်ပေမယ့်အမှုက မစစ်ဆေးနိုင်သေးဘူး။ ချုပ်ရမန်ပဲ ဆက်ယူဖြစ်ဖို့ များတယ်”ဟု ရဲအရာရှိက ဆိုသည်။

ဖမ်းဆီး ထိန်းသိမ်းထားသူများမှာ ဦးပြုံးချိုနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုရဲမှူးကြီး ကျော်ဇေယျ၊ စစ်ကိုင်းတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးထွန်း၊ မြေရှင်၏ ကိုယ်စားလှယ် ဦးကျော်စိုးနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားစွဲဆိုခံရသူများမှာ နိုင်ငံတော်က ပြန်လည် လွှဲပြောင်းပေးအပ်ထားသည့် ရန်ကုန်မြို့ရှိ စက်မှုဝန်ကြီးဌာန မြေ အမည်ပေါက် ကိစ္စနှင့်ပတ်သက်ပြီး ရောင်းချသူမြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုတို့ကြောင့် ရန်ကုန်မြို့ ကမာရွတ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ နစ်နာသူများက တိုင်ကြားခဲ့သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ယင်းအမှုအား စစ်ဆေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ လွှဲအပ်ခဲ့သည့်အမှုဖြစ်သည်။

မြေယာကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုတွင် ပါဝင်ခဲ့သော မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးမှာ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်မှ ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ဦးပြုံးချို အပါအဝင် ငါးဦးကိုမူ အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03