News

POST TYPE

LATEST NEWS POST

ပျက်စီးနေသည့် ယာဉ်ရပ်မှတ်တိုင်များ ပြုပြင်ရန် စစ်တမ်းကောက်
17-Aug-2017 tagged as YBS


ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် မှတ်တိုင်များထဲမှ ပျက်စီးနေသော မှတ်တိုင်များကို စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းပြင်ဆင်ရန် ဇူလိုင်လမှစတင် စစ်တမ်းကောက်ယူလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

“မှတ်တိုင်အချို့ဆိုရင် အုတ်တွေ ဖြိုထားပြီးနေပြီ။ အဓိက စည်ပင်နဲ့ပေါင်းလုပ်နေတယ်။ စစ်တမ်းလည်း ကောက်နေပြီ။ပျက်စီးစာရင်း မသိရသေးဘူး”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ခရီးသည်တင် ဘတ်စ်ကား မှတ်တိုင် လက်ရှိ ၄၀ဝ၀ ကျော်ရှိပြီး အဆိုပါ မှတ်တိုင်များကို အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး လိုအပ်ချက်အရ မှတ်တိုင်များကိုလည်း နေရာပြောင်းရွှေ့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

YBS ယာဉ်လိုင်းများအနေနှင့် YBS ဆိုင်းဘုတ်ထောင်ထားသော မှတ်တိုင်များတွင်သာ ရပ်ရမည်ဖြစ်ပြီး သတ်မှတ်နေရာတွင် ယာဉ်မရပ်ခြင်း၊ မှတ်တိုင် မဟုတ်သော နေရာတွင် ခရီးသည် တင်၊ ချခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင် YBS တံဆိပ်တပ် ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲချိန်တွင် ခရီးသည်များ စီးနင်းမှု အဆင်ပြေစေရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး အဆိုပါ ဆိုင်းဘုတ်များကိုလည်း အဆင့် မြှင့်တင်မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ပြန်လည် ပြင်ဆင်ရာတွင် တိုင်များ ပိုမိုခိုင်ခံ့အောင် ဆောင်ရွက်ခြင်း၊ လမ်းကြောင်းများ စနစ်တကျ ဖော်ပြခြင်း၊ တိုးချဲ့ လမ်းကြောင်းများ ဖြည့်တင်းခြင်းနှင့် အလွယ်တကူ ဖျက်ဆီး၍ မရစေရန်တို့ကို ဆောင်ရွက်မည် ဖြစ်သည်။

YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ယာဉ်လုပ်သားများ အနေနှင့် သတ်မှတ် မှတ်တိုင်ရောက်အောင် မောင်းနှင်ခြင်းမရှိပါက စည်းကမ်းချက် ၁၃၈ ချက်အရ ဒဏ်ငွေကျပ် တစ်သောင်းမှ သုံးသောင်းအထိ အရေးယူနိုင်ပြီး ဆိုင်းဘုတ်များကို ဖျက်ဆီးပါက ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း YRTA  ထံမှ သိရသည်။

J-06