News

POST TYPE

LATEST NEWS POST

ချောင်းသာ သစ်တောကြိုးဝိုင်း စမ်းချောင်းအတွင်းမှ တောဆင်ရိုင်းပေါက်ကို ကယ်တင်
17-Aug-2017 tagged as

ပုသိမ်၊ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာသစ်တော ကြိုးဝိုင်းအတွင်းရှိ ငပိန်တလယ်ချောင်းဖျားတွင် စမ်းချောင်းအတွင်း မျောပါလာသည့် တောဆင်ရိုင်းပေါက် တစ်ကောင်ကို သြဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆယ်ယူရရှိသည့် တောဆင်ရိုင်းသားပေါက်မှာ ၇ ရက်သားအရွယ် အထီးဖြစ်ပြီး စမ်းချောင်းအတွင်း သွားလာစဉ် တောဆင်အုပ်စုနှင့် ကွဲလာဟန်ရှိကြောင်း၊ ကျန်းမာရေးနှင့် အသက်ရှင်သန်ရန် လိုအပ်နေသည့်အတွက် ဆင်စခန်းတစ်ခုခုသို့ ပို့ဆောင်ကာ ပြုစုစောင့်ရှောက်နိုင်ရန် သစ်တောဦးစီးဌာနမှ စီစဉ်ထားကြောင်း ချောင်းသာဒေသ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ချောင်းသာ သစ်တောကြိုးဝိုင်း အကွက် အမှတ် ၁၄ အတွင်းမှ နှစ်လသားအရွယ် တောဆင်းရိုင်း အမတစ်ကောင်ရရှိ၍ ဆင်စခန်းတွင် မွေးမြူခဲ့ရာ အသက်ရှင်ခဲ့ကြောင်း၊၂၀၁၆ ခုနှစ် ဇူလိုင်လက ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ တင်းချောင်းအတွင်း မျောပါလာသည့် ရက်သားအရွယ် “မိကောက်ရ”ဆိုသော ဆင်မလေးတစ်ကောင်ကို ဆယ်ယူခဲ့ကြောင်း၊ ဆင်စခန်းတွင် မွေးခဲ့ရာ မိခင်နို့ရည် မသောက်ရသဖြင့် ၂၃ ရက်သာ အသက်ရှင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ရခိုင်ရိုးမနှင့် တစ်ဆက်စပ်တည်းရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်များရှိ သစ်တောများအတွင်း တောဆင်ရိုင်း ၇၀၀ ခန့် ကျက်စားနေကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

R-12


  • TAGS