News

POST TYPE

LATEST NEWS POST

ဘူးသီးတောင် မောင်တောတွင် တိုင်းရင်းသား စံပြကျေးရွာများ ထူထောင်မည်
16-Aug-2017 tagged as

ရန်ကုန်၊ ဩဂုတ် ၁၆

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့ရှိ ဒေသခံတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများကို စုစည်း၍ စံပြကျေးရွာအဖြစ် ပြန်လည် ထူထောင်ပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် အဆိုပါကျေးရွာများကို လျှပ်စစ်မီး ရရှိရန်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် မြေပြင်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

“ရွာတွေ ပြန်တည်ပေးမယ်။ နယ်စပ်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအတွက် စံပြကျေးရွာတွေ ပြန်တည်ပေးမှာပါ။ နေအိမ်တွေ ဆောက်ပေးမယ်။ မိသားစုတစ်စုကို လယ် နှစ်ဧကပေးမယ်။ လက်တလောကတော့ နေရောင်ခြည်သုံး လျှပ်စစ်ပေးမယ်။ နောက်ပိုင်း လျှပ်စစ်မီး ပေးသွားမှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက The Voice သို့ ပြောကြားသည်။

ယခင် တပ်မတော်အစိုးရလက်ထက်၌ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားနိုင်ငံ ထိစပ်လျက်ရှိသော နယ်စပ်၌ ဒေသခံ တိုင်းရင်းသား စံပြကျေးရွာများကို တည်ထောင်ခဲ့ပြီး ထိုသို့ တည်ထောင်ပေးရာတွင် ရွှေ့ပြောင်းရွာ၊ စုစည်းရွာဟူ၍ တည်ထောင်ခဲ့သည်။

ရွှေ့ပြောင်းရွာသည် တိုင်းဒေသကြီး/ပြည်နယ်များစု နေအိမ်မဲ့များကို စုစည်း၍ ရွာတည်ပေးခြင်းဖြစ်ပြီး စုစည်းရွာသည် ဒေသခံတိုင်းရင်းသား ကျေးရွာများကို စုစည်း၍ ရွာတည်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုကျေးရွာများတွင် စုစည်းရွာများသာ ယနေ့ထိ တည်ရှိနေပြီး ရွှေ့ပြောင်းရွာများသည် အောင်မြင်မှု မရရှိခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိအချိန်မှာ အဲဒီဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ကျောက်သံထု စံပြကျေးရွာ တည်ဆောက်နေပါတယ်။ နေအိမ် ၁၀ဝ နဲ့ တည်ဆောက်နေခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး စံပြရွာတွေ တည်ဖို့ရှိပါတယ်”ဟုနယ်စပ်ရေးရာ ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ တစ်ဘက်နိုင်ငံမှာ တရားမဝင် နိုင်ငံသားများ ကျူးကျော်ဝင်ရောက်နေထိုင်မှုကို ကာကွယ်နိုင်ရန် နယ်စပ်ဒေသရှိ ရခိုင်တိုင်းရင်းသား မျိုနွယ်စုများကို စုစည်း၍ တိုင်းရင်းသားစံပြ ကျေးရွာများ တည်ဆောက်ပေးရန် စီစဉ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက The Voice နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားနိုင်ငံ နယ်စပ်ရှိ ရခိုင်တိုင်းရင်းသားများကို ဘင်္ဂလီအကြမ်းဖက် အဖွဲ့များက လုပ်ကြံ သတ်ဖြတ်မှုများကို ကာကွယ်ရန် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များက လုံးခြုံရေး အပြည့်အဝ တာဝန်ယူထားပြီး ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေသော မေယုတောင်တန်းကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့သို့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာတွင် ရေကြောင်း၊ ကြည်းကြောင်းဖြင့် ရှင်းလင်းလျှက်ရှိပြီး လိုအပ်လျှင် လေကြောင်း တပ်မံ အသုံးပြုသွားမည်ဟု ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် အကြီးအကဲ တစ်ဦးက ပြောသည်။

J-07

  • TAGS