News

POST TYPE

LATEST NEWS POST

တောဆင်ရိုင်းသတ်ဖြတ်မှု သတင်းပေးသူကို ရဲနှင့် သစ်တော ဆုပေးမည်
16-Aug-2017 tagged as တောဆင်ရိုင်း

ပုသိမ်၊ ဩဂုတ် ၁၆   

ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းများ အသတ်ခံရမှု လျော့ကျစေရေးအတွက် တောဆင်ရိုင်း သတ်ဖြတ်မှုများကို သတင်းပေးနိုင်သူကို ရဲတပ်ဖွဲ့နှင့်    သစ်တောဦးစီးဌာနတို့မှ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောသည်။

ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များက သတင်းပေးသူများ၏ လုံခြုံရေး မပေါက်ကြားစေရန် တာဝန်ယူမည်ဖြစ်ပြီး ခိုင်မာသည့် သတင်းအတွက် ရဲတပ်ဖွဲ့မှ ဆုကြေးငွေ ကျပ်တစ်သိန်းနှင့် သစ်တောဦးစီးဌာနမှ ကျပ်တစ်သိန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောသည်။

အဆိုပါ တောဆင်ရိုင်း သတ်ဖြတ်မှုများကို သတင်းပေး ဖော်ထုတ်ရန်အတွက် ကုန်ကျစရိတ် ကာမိစေရန် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ထောက်ပံ့ရန် အစီအစဉ်ကို ဩဂုတ်လ ၁၄ ရက်က ငပုတောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်သော တောဆင်ရိုင်းများ ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းသို့ ဆုံးဖြတ်ခဲ့သည်။

ဆင်သတ်သူများကို ဒေသခံများ သတင်းပေးနိုင်ရန် သတင်းပေးသူ၏ လုံခြုံရေး အထူး လိုအပ်ကြောင်း၊ ယင်းအပြင် ဆင်းရဲနွမ်းပါးသူ အများအပြား ဖြစ်နေသောကြောင့် အသိပညာဆင်ခြင်တုံ အားနည်းမှုရှိနေသည့်အပြင် သတင်းပေးပို့ရန် ဆက်သွယ်ရေးဆိုင်ရာ ယာဉ်နှင့် ပစ္စည်း၊ အသုံးစရိတ်များ မတတ်နိုင်သူများဖြစ်ကြောင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောကြားသည်။ 

“အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်တာ၊ တောဆင်ရိုင်းတွေကို သတ်ပြီးမှ တရားခံ ဖော်ထုတ်တာထက် မသတ်ခင် ဖမ်းမိနိုင်ဖို့ တောဆင်ရိုင်းတွေ အသတ်မခံရအောင် ကာကွယ်နိုင်ဖို့အတွက် ဆင်သတ်သူတွေရဲ့သတင်းတွေ ရယူနိုင်ဖို့ လုပ်ဆောင်ပေးသူတွေကို ဝန်ဆောင်မှု အသုံးစရိတ်နဲ့ နည်းလမ်းတွေ ကူညီမယ်”ဟု တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (FRIENDS OF WILDLIFE)မှ Chairman ဦးမြင့်အောင်က ပြောဆိုသည်။

ရခိုင်ရိုးမနှင့် ဆက်စပ်နေသော သာပေါင်း-ပုသိမ်-ငပုတော မြို့နယ်ရှိ ကြိုးဝိုင်းကြိုးပြင် သစ်တောများတွင် ပုသိမ်နှင့် သာပေါင်းမြို့နယ်များတွင် တောဆင်ရိုင်း တိုက်ခိုက်အန္တရာယ်ပြုမှုများ ကြားသိရသော်လည်း ငပုတောမြို့တွင် တောဆင်ရိုင်းမှ လူကို တိုက်ခိုက် အန္တရာယ်ပြုသည့် ဖြစ်စဉ်မရှိဘဲ တောဆင်ရိုင်းများသာ အသတ်ခံနေရကြောင်း၊ အခြားဒေသမှ ဆင်သတ်မုဆိုးများကို လမ်းပြအဖြစ် ဆောင်ရွက်သည့် ဒေသခံများပါ ဆင်သတ်ဖြတ်သူများ ဖြစ်လာသဖြင့် သတင်း ရရှိမှုအတွက် အခက်အခဲရှိနေကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ထောက်ပြသည်။

ရခိုင်ရိုးမနှင့် တစ်ဆက်စပ်တည်း ရှိနေသော ပုသိမ်ခရိုင်ရှိ သာပေါင်း-ငပုတော ပုသိမ်မြို့နယ်တို့ရှိ သစ်တောကြိုးဝိုင်း ကြိုးပြင်တို့တွင် တောဆင်ရိုင်းများကို မကြာခဏ သတ်ဖြတ်ခံနေရသဖြင့် ထိုမြို့နယ် ၃ ခု၏ သစ်တောများအတွင်း စစ်ကြောင်းများဖြင့် တစ်ပြိုင်နက်တည်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

R-12