News

POST TYPE

LATEST NEWS POST

ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသစ် ဖွဲ့စည်း
16-Aug-2017 tagged as


နေပြည်တော်၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ % ရှိသော ကျေးလက်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအသစ်ကို ဖွဲ့စည်းလိုက်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးတွင် ယနေ့ (ဩဂုတ်လ ၁၆ ရက်)ပြုလုပ်သော ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စတင် ဖွင့်လှစ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က 
ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အသစ်ဖွဲ့စည်းလိုက်သည့်ဌာနသည် အဝေးပြေးလမ်းမများနှင့် အဓိကလမ်းမကြီးများကို မြို့ရွာ ကျေးလက်လမ်းများနှင့် ဆက်စပ်ပေးနိုင်ရေးအတွက် ဖွဲ့စည်းလိုက်သည့်ဌာန ဖြစ်သောကြောင့် ဖွဲ့စည်းသည့် အစပထမပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုစီအတွက် Pilot Project တခုစီကို ရွေးချယ်ပြီး အောင်မြင်မှုရရှိစေရန် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးရှိ လမ်းများ ဖွံ့ဖြိုးရေးကိစ္စများကို တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအပြင် ၎င်းဌာနအောက်ရှိ ကျွမ်းကျင်ဝန်ထမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းရယူပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအသစ်အဖြစ် ပြန်လည် ဖွဲ့စည်းလိုက်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောကြားသည်။

“ကျေးလက်ဦးစီးကို ဆောက်လုပ်ရေး ပို့လိုက်တာ့ လုပ်ငန်းတွေ ပိုသွက်လာမယ်”ဟုပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဝင် ဖောင်ပြင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ဆိုသည်။

“မိန်းလမ်းမကြီးရယ် ရွာရယ်ကို ဆက်တဲ့လမ်းကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်၊ ကျေးရွာချင်းဆက် လမ်းက ဒုတိယ ဦးစားပေး၊ ပြည်နယ်အစိုးရအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတော့ မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း သင့်တော်သလို ဖောက်လုပ်သွားမှာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးသောင်းမြင့်ထွန်းက ပြောကြားသည်။

ကျေးလက် လမ်းဦးစီးဌာနသည် ကျေးရွာများ၏ လမ်းလုပ်ငန်းများသာ ဆောင်ရွက်သွားမည်ဖြစ်သည်။ အခြားသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် မြစိမ်းရောင် မတည်ငွေ၊ ရေတွင်းတူးခြင်းလုပ်ငန်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီး တပ်ဆင်ခြင်းကဲ့သို့သော လုပ်ငန်းများကို ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လုပ်ဆောင်သွားဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ယခင်က လမ်းဦးစီးဌာန၊ အဆောက်အဦး ဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဟူ၍ ဌာန လေးခုသာ ရှိခဲ့ရာမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဟူ၍ ဌာန ထပ်မံ ဖွဲ့စည်းခြင်းကြောင့် ဌာန (၅) ခု ရှိသွားမည်ဖြစ်သည်။

T.L/R.17

  • TAGS