News

POST TYPE

LATEST NEWS POST

ဂူအမ်ကျွန်းကိုထိလျှင် ပြဿနာအကြီးကြီးနှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
ဝါရှင်တန်၊ သြဂုတ် ၁၂

ဂူအမ်ကျွန်းတွင်ရှိသော အမေရိကန်ပြည်ထောင်စုပိုင် နယ်နိမိတ်ကို တစ်စုံတစ်ခု ပြုလုပ်လာမည် ဆိုပါက မြောက်ကိုရီးယား အနေနှင့် ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

နယူးဂျာဇီရှိ Golf Resort တစ်ခုတွင် မိန့်ခွန်းပြောဆိုရာ၌ ဂူအမ်ကျွန်းရှိ အမေရိကန်ပိုင်နက်မှာ လွန်စွာလုံခြုံမှု ရှိနေမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားသည်။ 

“ဂူအမ်ဟာ အင်မတန် လုံခြုံနေပါပြီ၊ ကျွန်တော့်ကို ယုံကြည်ပါ” ဟု အမေရိကန် ပိုင်နက်ကို မြောက်ကိုရီးယားက တိုက်ခိုက်ရန် စဉ်းစားလျက်ရှိသည် ဟူသော ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထရမ့်က တုံ့ပြန်ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စု အနေနှင့် နောက်ထပ် ပိုမိုပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည်ဟု ထရမ့်က ဆိုသည်။ 

တရုတ်ရုပ်သံဌာန အဆိုအရ သမ္မတ ထရမ့်သည် ထိုသို့ပြောဆိုပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် (တယ်လီဖုန်း) စကား ပြောဆိုခဲ့သည်။ 

သမ္မတ ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားအရေးကိစ္စအတွက် ငြိမ်းချမ်းမှုပါသော ဆုံးဖြတ်ချက်တစ်ရပ် ပေါ်ထွန်းရန် တိုက်တွန်းထားသည်။ 

သက်ဆိုင်သောနိုင်ငံ အဖွဲ့အစည်းများ အနေနှင့် ပြဿနာများနှင့် တင်းမာမှုများကို ပိုမိုချဲ့ကား ကြီးမားစေနိုင်သည့် အပြောအဆိုများနှင့် အပြုအမူများ မပြုလုပ်ကြရန် တိုက်တွန်းသည်ဟု တရုတ်နိုင်ငံပိုင်ရုပ်သံက ဆိုသည်။ 

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးပင် ဖြစ်သည်ဟု ရှီကျင့်ဖျင်က ဆိုထားသည်။ 

ဒေါ်နယ်ထရမ့်ကမူ “အားလုံး အလုပ်ဖြစ်မယ်လို့ မျှော်လင့်ရတာပါပဲ” ဟု ပြောသည်။ 

ယမန်နေ့ (သောကြာ) က မြောက်ကိုရီးယားနှင့် ပတ်သက်၍ ထရမ့်က ပြောကြားရာတွင် အမေရိကန်စစ်တပ်သည် တိုက်ပွဲအတွက် ကျည်ဆန်ဖြည့်ထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။ 

“စစ်ရေးနဲ့ ဖြေရှင်းနိုင်ဖို့ အားလုံး အသင့်ဖြစ်နေပါပြီ။ ကင်ဂျုံအန်းအနေနဲ့ တခြားနည်းလမ်းတစ်ခုကို ရွေးမယ်လို့  မျှော်လင့်ရတာပဲ” ဟု ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ရေးသားသည်။ 

မြောက်ကိုရီးယားနိုင်ငံက ထရမ့်သည် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲ နှုတ်ခမ်းဝသို့ ရောက်အောင် တွန်းပို့လျက် ရှိသည်ဟု စွပ်စွဲပြီး ဂူအမ်ကျွန်းရှိ အမေရိကန်ပိုင်နက်ကို ဒုံးကျည်များဖြင့်  တိုက်ခိုက်ရန် စီစဉ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။         

F-01