News

POST TYPE

LATEST NEWS POST

စစ်ဘေးရှောင် ၈၀ဝ ကျော်အတွက် အဆောက်အအုံများ အရေးပေါ်လိုအပ်

မြစ်ကြီးနား၊ ဩဂုတ် ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲတို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ၈၀ဝ ကျော်အထိရှိလာပြီး ၎င်းတို့နေထိုင်ရန် အဆောက်အအုံများ လိုအပ်ကြောင်း လက်ရှိနေထိုင် ခွင့်ပြုထားသူများထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် ဒေသခံအချို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒေသခံ တစ်ရွာလုံး နမ္မတီး ကျေးရွာရှိ ခရစ်ယာန် ဘာသာရေး ဘုရားကျောင်း နှစ်ခုတွင် ခိုလှုံနေကြရသည်။

“မနေ့ညနေပိုင်းက စရောက်လာပါတယ်။ အခုလက်ရှိတော့ မိုးလည်း ရွာတယ်။ နေဖို့ထိုင်ဖို့ဆောက်မယ် ဆိုလည်းမရဘူး။ အရမ်း ခက်ခဲနေတယ်”ဟု နမ္မတီး ကျေးရွာရှိ R.C ခရစ်ယန် ဘုရားကျောင်း တာဝန်ခံဆရာ ဦးဇော်လီက ပြောဆိုသည်။

ကျေးရွာဒေသခံများသည် ဩဂုတ်လ ၁၁ ရက်နေ့က လူဦးရေ ခြောက်ရာကျော် စတင် ရောက်ရှိလာပြီး ထပ်မံ ရောက်လာသူများလည်းရှိကြောင်း ယင်းဒေသအတွင်း ပိတ်ခံနေရသည့် ဒေသခံများ ၃၀ ကျော် ကျန်နေသေးကြောင်း ပြောင်းရွှေ့လာသူများထံမှ သိရသည်။

“မနေ့က ကျောင်းမှာ အစည်းအဝေး လုပ်နေတဲ့အချိန်မှာ ဖြစ်တယ်။ ဖြစ်တာက ရွာထဲမှာ ဖြစ်တယ်”ဟု ယင်းဒေသမှ ထွက်ပြေးလာသူ အလယ်တန်းပြ ကျောင်းဆရာ ဦးယော်ဆောမ်က ပြောဆိုသည်။

လက်ရှိ နမ္မတီးကျေးရွာရှိ R.C နှင့် ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ရောက်ရှိနေသူမှာ အမျိုးသမီးများနှင့် ကလေးငယ်များ အများစုဖြစ်ပြီး ၎င်းတို့အတွက် နေထိုင်စရာနှင့် အဝတ်အထည်များ အရေးကြီး လိုအပ်နေကြောင်း ယင်းထွက်ပြေးတိမ်းရှောင်လာသူများက ဆိုသည်။

အဆိုပါ မိုးကောင်းမြို့နယ် ကဆုန့် ကျေးရွာသည် နမ္မတီးကျေးရွာနှင့် ဆယ်မိုင်ကျော် ဝေးကွာပြီး အိမ်ခြေ ၄၀ဝ ကျော်ရှိ၍ လူဦးရေ တစ်ထောင်ကျော်ရှိကာ ကချင် လက်နက်ကိုင်အဖွဲ့ (KIA/KIO)တို့၏ ထိန်းချုပ်ရာ ဒေသဖြစ်သည်။

R-06