News

POST TYPE

LATEST NEWS POST

ဖက်ဒရယ်အတွက် ကရင်တိုင်းရင်းသားများ ပြင်ဆင်ထားရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
12-Aug-2017 tagged as ကရင်


ရန်ကုန်၊ ဩဂုတ် ၁၂

ကရင်အမျိုးသား အစည်းအရုံးနှင့် ကရင်အနေနှင့် ဒီမိုကရေစီစနစ်ပေါ် အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် နိုင်ငံရေး နည်းလမ်းဖြင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်မှုများ ပြုလုပ်ထားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။

၆၇ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ စိန်ပီတာ စိန်ပေါလ်ဘုရားကျောင်းတွင် အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပေးပို့သော သဝဏ်လွှာတွင် ၎င်းက ယင်းသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်ပေါ် အခြေခံသည့် နိုင်ငံရေး ရည်မှန်းချက်များနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ယခုအချိန်သည် လမ်းပွင့်နေပြီ ဖြစ်သောကြောင့် ကရင်အမျိုးသား အစည်းအရုံးနှင့် ကရင် အမျိုးသားလူထု တစ်ရပ်လုံး အနေနှင့် နိုင်ငံရေး ရည်မှန်းချက်များနှင့် နိုင်ငံရေး သတိရှိပြီး မိမိတို့၏ လိုအင်ဆန္ဒများကို နိုင်ငံရေးနည်းလမ်းဖြင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်မှုများ ပြုလုပ်ထားရှိရန် လိုအပ်ကြောင်း ကရင် အမျိုးသား ပညာရှင်များ အနေနှင့် အချင်းချင်း စုစည်းကာ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင် ပေးဆပ်ရန် လိုအပ်ပြီး ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်းများနှင့် ကရင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေနှင့် အပြန်အလှန် နားလည်မှု၊ ပူးပေါင်း လုပ်ဆောင်မှုများနှင့် အစီအစဉ်တကျ ချမှတ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် တိုက်တွန်းလိုက်သည်။

KNU အနေနှင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်တွင် လက်မှတ် ရေးထိုးထားသော်လည်း ငြိမ်းချမ်းရေး သဘော တူညီမှုများနှင့် ငြိမ်းချမ်းရေး အာမခံချက်များ ယနေ့ထိတိုင် အပြည့်အဝ မရရှိသေးဘဲ ကရင်တိုင်းရင်းသားများ အပါအဝင် အခြားသော တိုင်းရင်းသားများ အနေနှင့် ဥပဒေနှင့်အညီ လွတ်လပ်မှု၊ အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ရေးသားပြဋ္ဌာန်းထားခြင်း မရှိသေးဘဲ ယင်းအခွင့်အရေးများကို နိုင်ငံရေး လုပ်ငန်းစဉ်အရ ဖွဲ့စည်းပုံတွင် အတိအလင်း ပြဋ္ဌာန်းထားရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

၆၇ နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကရင့်အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးသွားသည့် ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြုအလေးပြုခြင်းများ၊ ၎င်းတို့အတွက် လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အဆိုပါ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး ဗဟို (KNU) ဥက္ကဋ္ဌ၊ ကရင်လူငယ် အစည်းအရုံးဗဟိုနှင့် ကရင် အမျိုးသမီး အစည်းအရုံး ဗဟိုတို့မှ အသီးသီး သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ကရင်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ အပါအဝင် KNU ဗဟို ဌာနချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။

J-09