News

POST TYPE

LATEST NEWS POST

တိုင်းပြည်နှင့် လူမျိုးအတွက် မည်သူနှင့်မဆို ပူးပေါင်းမည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ထုတ်ပြန်
12-Aug-2017 tagged as မဘသ

ရန်ကုန်၊ ဩဂုတ် ၁၂

တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာ အကျိုးအတွက်ဆိုလျှင် မည်သည့်ပါတီ မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ ဆောင်ရွက်မည်ဟု ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က ဩဂုတ်လ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖောင်ဒေးရှင်း၏ ဦးဆောင်ဆရာတော်များသည် ဩဂုတ်လ ၁၁ ရက်နေ့၌ ရန်ကုန်မြို့ ရွာမပရိယတ္တိ စာသင်တိုက်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ယင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖောင်ဒေးရှင်း၏ သဘောတူ ဆုံးဖြတ်ချက်များ၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများကို (မ ဘ သ) မူရင်းအမည် မပြောင်းလဲဘဲ ဆက်လက် ရပ်တည်သူများနှင့် အမည် ပြောင်းလဲပြီး သုံးစွဲသူ အားလုံးသည် တစ်သားတည်း ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကို ကျစ်လျစ်ခိုင်မာစွာ ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါက်တာသောပါကက မိန့်ကြားသည်။

“အချို့ မြို့နယ်တွေမှာ တိုးလာတာ ရှိတယ်။ လျော့သွားတာ ရှိတယ်။ ဒါကြောင့် ကျစ်လျစ်ခိုင်မာမှု ရှိရန် ဖွဲ့စည်းသွားမှာ ဖြစ်တယ်”ဟု ဆရာတော် ဒေါက်တာ သောပါကက မိန့်သည်။

ထို့ပြင် ဖောင်ဒေးရှင်းအနေနှင့် ပရဟိတ လုပ်ငန်းများ၊ ပညာဒါန သင်တန်းများ၊ ယဉ်ကျေးမှုနှင့် စာရိတ္တပညာ မြှင့်တင်ရေး လုပ်ငန်းများ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး၊ လူမျိုးရေး ဘာသာရေး သာသနာရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်ပွားရေး စသည်တို့ကို ဓမ္မယ ဝိနယနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-07