News

POST TYPE

LATEST NEWS POST

ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်တစ်စီး ချောက်ထဲကျ


ကျိုင်းတုံ၊ ဩဂုတ် ၁၂

ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြားတွင် ယနေ့(ဩဂုတ် ၁၂ ရက်) မွန်းလွဲ ၃ နာရီခန့်က ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။

ကျိုင်းတုံမြို့မှ မိုင်းဖြတ်မြို့သို့ အမျိုးသားတစ်ဦး မောင်းနှင်ပြီး သံဃာတော်နှစ်ပါး လိုက်ပါ စီးနင်းလာသည့် အိမ်စီးမော်တော်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အမှတ် ၇၀၃ ကီလိုမီတာနှင့် ၇၀၄ ကီလိုမီတာကြားတွင် အရှိန်လွန်ကာ လမ်းယာဘက်ဘေးရှိ ပေ ၆၀ ကျော်ခန့်နက်သည့် ချောက်အတွင်း ထိုးကျပြီး ချောင်းအတွင်း နစ်မြုပ်ခဲ့ကြောင်း မိုင်းဖြတ်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးစောပန်းအောင်က ပြောကြားသည်။

“သက်တော် ၆၀ ဆရာတော်တစ်ပါးက ခေါင်းထိခိုက်သွားသလို၊ သက်တော် ၅၀ အရွယ်ဆရာတော်တစ်ပါးက ခါးထိခိုက်သွားတယ်။ ယာဉ်မောင်းလည်း ပွန်းပဲ့ဒဏ်ရာ ရသွားတယ်။ ကနဦးအနေနဲ့ မိုင်းဖြတ်ဆေးရုံမှာ ကုသပေးခဲ့ပေမယ့် စိုးရိမ်ရလို့ဆိုပြီး တာချီလိတ်ဆေးရုံကို သယ်ယူသွားကြပြီ”ဟု ၎င်းက ဆိုသည်။

ယာဉ် မတော်တဆမှုနှင့် ပတ်သက်၍ မော်တော်ယာဉ်မောင်းနှင်သူ ဦးဝင်းမြင့် (၄၀ နှစ်) ကို ယာဉ်(ပ)၂၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16