News

POST TYPE

LATEST NEWS POST

ဝန်ထမ်းများ အဆင်ပြေအောင် မလုပ်ပေးပါက တိုင်ကြားနိုင်ဟုဆို
သပိတ်ကျင်း၊ ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့တွင် ဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှု ပေးရေးရုံး(OSS)ရှိ ဝန်ထမ်းများက ပြည်သူများကို အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိပါက တိုင်ကြားနိုင်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်က ပြောကြားသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် OSS ရုံးသို့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက် စစ်ဆေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒီရုံးတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ဌာနဆိုင်ရာ ဝန်ထမ်း အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ပူးပေါင်း ဆောင်ရွက်လာတတ်စေရန်၊ ပြည်သူများအနေနှင့် ဝန်ထမ်းများကို ပြန်လည် ယုံကြည်ကိုးစား လာနိုင်စေရန်နှင့် ပြည်သူများ၏ လိုအပ်ချက်ကို တစ်နေရာတည်း တစ်ခုတည်းတွင် ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီရုံးတွေက ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် ဝန်ထမ်းတွေရော ပြည်သူတွေရော ပူးပေါင်း ပါဝင်ပေးကြပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်လည်းဖြစ်သူ ၎င်းက ပြောဆိုသည်။

OSS ရုံးဝန်ထမ်းများ အနေနှင့် ပြည်သူများ အဆင်ပြေစေရန် စေတနာထား လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်ပြီး လုပ်ငန်းများအတွက် လာရောက် ဆောင်ရွက်ကြသော ပြည်သူများကလည်း ဝန်ထမ်းများကို နားလည်မှုရှိရန် လိုအပ်ကြောင်း၊ ယင်းသို့ အပြန်အလှန် ပူးပေါင်း ပါဝင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လတ်တလောတွင် သပိတ်ကျင်းမြို့နယ်ရှိ OSS ရုံးဝန်ထမ်းများ၏ ဝန်ဆောင်မှု အားနည်းနေကြောင်း ဒေသခံများထံမှ သိရသည်။

R-05