News

POST TYPE

LATEST NEWS POST

တေးသံရှင် ခိုင်ထူး ကွယ်လွန်
09-Aug-2017

ရန်ကုန်၊ သြဂုတ် ၉

ကင်ဆာဝေဒနာ ခံစားနေရသော တေးသံရှင် ခိုင်ထူးမှာ ယနေ့ (သြဂုတ် ၉ ရက်) မွန်းလွဲ ၃ နာရီ ၂၄ မိနစ်က ပါရမီဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆေးရုံတွင် ရောက်ရှိနေသော အင်ပါယာ တီးဝိုင်းမှ ဘေစ်ဂီတာသမား ကိုမြတ်မိုးက အတည်ပြု ပြောကြားသည်။ 

ဂီတလောကတွင် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ ခတ္တာ စသည့် သီချင်းများ အပါအဝင် နာမည်ကျော် သီချင်းများစွာဖြင့် အောင်မြင်မှု ရရှိခဲ့သည့် တေးသံရှင် ခိုင်ထူးမှာ အစာအိမ် သွေးယိုဝေဒနာဖြင့် ကုသနေရာမှ ယနေ့ (ဩဂုတ်လ ၉ ရက်) မွန်းလွဲ ၃ နာရီ ၂၄ မိနစ် တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ကိုမြတ်မိုးထံမှ သိရသည်။

တေးသံရှင် ခိုင်ထူးသည် အစာအိမ် သွေးယို ဝေဒနာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူခဲ့ရသည်။

ရောဂါ မသက်သာသည့်အတွက် ၎င်းနှင့် ရင်းနှီးသည့် ဂီတလောကမှ မိတ်ဆွေများက ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Samithe Jay ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်ပေးခဲ့သည်။

ယင်းဆေးရုံတွင် တေးသံရှင် ခိုင်ထူးကို ဆေးဝါးကုသမှု ခံယူခဲ့ရာတွင် Pancreas Cancer ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရောဂါအခြေအနေမှာ လက်လျှော့ရမည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး ပါရမီဆေးရုံသို ပို့ဆောင် ကုသပေးခဲ့သည်။

တေးသံရှင် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ခတ္တာ၊ သိလား၊ စစ်ကိုင်းလမ်း၊ လွမ်းရေး ခက်ခက်၊ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ ဆို၊ နေရာဟောင်းမှာ၊ အိမ် အလွမ်း၊ စသည့် သီချင်းများမှာ ဂီတချစ် ပရိသတ်များကြားတွင် အောင်မြင်မှု များစွာ ရရှိခဲ့သည်။

(ရုပ်အလောင်း သသင်္ဂြိုဟ်မည့် နေ့ရက်နှင့် အချိန်ကို ဆက်လက် ဖော်ပြပေးပါမည်)

  • VIA