News

POST TYPE

LATEST NEWS POST

ပုပ်သိုး အမဲသားများဖြင့် ထုတ်လုပ်နေသော အမဲခြောက် လုပ်ငန်းများကို FDA ပိတ်
17-Jul-2017 tagged as FDA

မိတ္ထီလာ၊ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ အသားခြောက် လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် လုပ်ငန်းလိုင်စင် မရှိသည့်အပြင် ပုပ်သိုး အမဲသားများနှင့် ပြုလုပ်ထားပြီး အများပြည်သူ စားသုံးရန် မသင့်သည့်ကို စစ်ဆေး တွေ့ရှိရသည့်အတွက် အရေးယူမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးပေါ်လွင်က ပြောကြားသည်။

“ယင်အုံတဲ့ဟာတွေကို ကျွန်တော်တို့ သိမ်းဆည်းတယ်။ စားသုံးသူလက်ထဲကို မရောက်သင့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မီးရှို့ဖျက်ဆီးတယ်။ ဆောင်းထပ်တွေများတယ်။ အချိန် အစိတ် သုံးဆယ်လောက်တော့ ရှိမယ်။ အသားညှင်းထားတဲ့ ဟာတွေတော့ မပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါမြို့နယ်အတွင်း ရပ်ကွက်များ၌ အသားခြောက် လုပ်ငန်းအချို့သည် ပတ်ဝန်းကျင်ကို အနံ့ဆိုးများဖြင့် အနှောင့်အယှက် ဖြစ်စေသည်ဟူသော တိုင်ကြားချက် ရရှိသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က သက်ဆိုင်ရာဌာန တာဝန်ရှိသူများက မြို့တွင်း ကွင်းဆင်း စစ်ဆေးခဲ့ရာ လုပ်ငန်းငါးခုမှာ လုပ်ငန်းလိုင်စင် မရှိကြောင်း တွေ့ရှိရသဖြင့် စည်ပင်သာယာရေး ဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖများက ပူးပေါင်း စစ်ဆေးခဲ့သည့် အမဲနှင့်ဆိတ် အသားခြောက်လုပ်ငန်း ငါးခုအနက် တစ်ခုသည် ရွှေစည်းခုံရပ်ကွက်တွငှ်ိပြီး ကျန်လုပ်ငန်းလေးခုသည် ဗ.မ.က အနောက်ရပ်ကွက်တွင် ရှိကြောင်း အဆိုပါ စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် စစ်ဆေးတွေ့ရှိချက်များအရ အသားခြောက်များမှာ အများပြည်သူ စားသုံးရန် မသင့်လျော်သည့်အတွက် ယင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို ပိတ်သိမ်းထားပြီး သက်ဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းလုပ်ငန်းများတွင် သိုလှောင်ထားသော အမဲသား သားရေ၊ ဆောင်းထပ် (ဝမ်းတွင်းသား)နှင့် အကြောစများမှာ နေလှန်းထားစဉ် ယင်အုံပြီး သားရေဆေးစိမ် ဆေးဆိုးစဉ် ပုပ်သိုးသော အနံ့ဆိုးများ ထွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ သိုလှောင်ပစ္စည်းများကို မူဆယ်ဘက်သို့ တင်ပို့သည်ဟု သိရကြောင်း ဦးပေါ်လွင်က ဆက်လက် ပြောကြားသည်။

“အမဲခြောက်လုပ်ငန်းဆိုတာ ကျွန်တော်တို့ စည်ပင်သာယာရေး အနေနဲ့ ဥပဒေမှာ ခွင့်ပြုပေးလို့ မရဘူး။ လိုင်စင်မဲ့တွေကိုတော့ စည်ပင်သာယာရေး ဥပဒေနဲ့ အရေးယူမယ်။ ကျန်းမာရေး ဌာနဘက်ကတော့ ဘယ်လို အရေးယူမလဲဆိုတာ မသိရသေးပါဘူး”ဟု ၎င်းက ရှင်းပြသည်။

R-01