News

POST TYPE

LATEST NEWS POST

နတ်မောက် ဗိုလ်ချုပ်နေအိမ် ပြတိုက်လုံခြုံရေး အဆင့်မြှင့်

နတ်မောက်၊ ဇူလိုင် ၁၇

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေ နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် နှစ် ၇၀ ပြည့် အာဇာနည်နေ့ မတိုင်ခင်နှင့် အာဇာနည်နေ့တွင် လာရောက် ဂါရဝပြုသူများ၏ လုံခြုံရေးကို အဆင့်မြှင့်ထားကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အာဇာနည်နေ့တွင် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်သို့ လာရောက်ဂါရဝပြုသူများ စည်ကားသဖြင့် ပြတိုက်လုံခြုံရေးနှင့် အများပြည်သူများ၏ လုံခြုံရေးအတွက် အဆင့်မြှင့်ရခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

“ဗိုလ်ချုပ်နေအိမ်ပြတိုက်နဲ့ လာရောက်လေ့လာသူတွေ အဆင်ပြေ လုံခြုံစေရေးအတွက် အခုလို ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း  ကြိုတင် အသိပေးပြီး ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်ရွက်ရတာ အဆင်ပြေပါတယ်၊ ၂၄ နာရီအပြည့် တာဝန်ထမ်းဆောင်နေကြတာပါ”ဟု နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းချိုက ပြောကြားသည်။

လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရန် မကွေးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းထားပြီး မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မိုက်ကယ်နှင့် ရိုစီအမည်ရှိ မိုင်းရှာခွေး နှစ်ကောင် အပါအဝင် ခေတ်မီရှာဖွေရေး ပစ္စည်းများ အစုံအလင်ဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။ 

“အန်ကယ်တို့ သိမီသလောက် အခုလောက် လုံခြုံရေးချထားတာ တစ်ခါမှ မမြင်ဖူးပါဘူး၊ အခုလို ဆောင်ရွက်ပေးနေတော့ အများပြည်သူတွေ စိတ်ချလက်ချ လေ့လာရတာပေါ့”ဟု နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေး ကော်မတီဥက္ကဋ္ဌ ဦးလှရှိန်က ပြောကြားသည်။

နတ်မောက်မြို့တွင် ဗိုလ်ချုပ် အမှတ်တရ နေရာများအဖြစ် ဗိုလ်ချုပ် နေအိမ်ပြတိုက်အပြင် ဗိုလ်ချုပ်ငယ်စဉ်က စာသင်ယူခဲ့သည့် ဒီပင်္ကရာကျောင်းတိုက်ရှိ ဆရာတော် ဦးသောဘိတ၏ကျောင်း၊ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံနှင့် မွေးရပ်မြေ နတ်မောက်သို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်လေတိုင်း လာရောက်လေ့လာခဲ့သည့် သာသနာဟိတ စာကြည့်တိုက်တို့ တည်ရှိကြောင်း နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေး ကော်မတီဝင်တစ်ဦးက ရှင်းပြသည်။