News

POST TYPE

LATEST NEWS POST

ဂါလာတာစာရေးနှင့် ချုပ်ဆိုထားသောစာချုပ်ကို ရှနိုက်ဒါ ဖျက်သိမ်း
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၅

နယ်သာလန် ကွင်းလယ်ကစားသမား ရှနိုက်ဒါသည် တူရကီကလပ် ဂါလာတာစာရေးနှင့် ၎င်းအကြားတွင် ချုပ်ဆိုထားသော စာချုပ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရယူကာ ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ရှနိုက်ဒါသည် အတိတ်ကာလ၌ မန်ယူနည်းပြ ဖာဂူဆန် အလွန်အမင်း ခေါ်ယူလိုခဲ့သည့် ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးကာ ၎င်းအနေနှင့် စိန်ခေါ်မှု အသစ်များကို ထပ်မံရင်ဆိုင်လိုသည့်အတွက် ဂါလာတာစာရေးကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါကြောင်း ရှနိုက်ဒါက ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ရှနိုက်ဒါသည် ဂါလာတာစာရေးထံတွင် သုံးနှစ်ခွဲကြာ ပါဝင်ကစားခဲ့ပြီးသည့်နောက်၌ အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဂါလာတာစာရေးနှင့် ၎င်းအကြားတွင် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် သုံးနှစ်သက်တမ်းစာချုပ်တွင် သက်တမ်းတစ်နှစ် ကျန်နေသေးသည်ကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ရှနိုက်ဒါက ဖျက်သိမ်းပစ်ခဲ့ခြင်းဖြစ်သည်။

ရှနိုက်ဒါသည် ဂါလာတာစာရေးထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့စဉ်ကာလအတွင်း တူရကီဆူပါလိဂ် အမှတ်ပေးပြိုင်ပွဲတွင် အသင်းအတွက် ပွဲစဉ်ပေါင်း ၁၂၂ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ကာ အဆိုပါပွဲစဉ် ၁၂၂ ပွဲတွင် ၎င်းသွင်းယူရရှိခဲ့သော သွင်းဂိုး အရေအတွက်မှာ ၃၅ ဂိုး ရှိခဲ့သည်။

ရှနိုက်ဒါသည် ဂါလာတာစာရေးနှင့်အတူ တူရကီဆူပါလိဂ် အမှတ်ပေး ချန်ပီယံဆုကို နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ပြီး ၎င်းအနေနှင့် အမေရိကန် မေဂျာလိဂ် သို့မဟုတ် တရုတ်ဆူပါလိဂ်တွင် ကစားသမားဘဝ ဆက်လက်ဖြတ်သန်းရန် ရည်မှန်းထားသည်ဟုလည်း ရှနိုက်ဒါက အသိပေးထားပြီဖြစ်သည်။