News

POST TYPE

IT

ဒါတွေ လူမှုကွန်ရက်ပေါ် ဘယ်တော့မှ မတင်ပါနဲ့
20-Aug-2016

အိုင်တီနည်းပညာတွေ ကျယ်ပြန့်လာပြီး Facebook၊ Twitter စတဲ့ လူမှုကွန်ရက်တွေ အသုံးပြုမှုများလာနဲ့အမျှ အချို့အသုံးပြုသူတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေဆို အကြောင်းအရာတချို့ကို သတိလက်လွတ် တင်လိုက်မိတာတွေ ရှိလာပါတယ်။ ဒီလိုတင်လိုက်မိတဲ့အခါ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူအသုံးချချင်သူတွေ အတွက်တော့ အကြိုက်တွေ့စရာပါပဲ။ မလိုလားအပ်တဲ့ အန္တရာယ်တွေ မကြုံတွေ့စေဖို့အတွက် ဒီအကြောင်းအရာ (၃) သုံးမျိုးကို လုံးဝမတင်သင့်ပါဘူး။

(၁) မှတ်ပုံတင်

သင့်ရဲ့ အသေးစိတ် ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ မှတ်ပုံတင်၊ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းသားကတ် စတာတွေရဲ့ ဓာတ်ပုံကို အပျော်သဘော စနောက်ချင်လို့ပဲဖြစ်ဖြစ် လူအများရှေ့မှာ ပြသလိုလို့ပဲဖြစ်ဖြစ် မတင်သင့်ပါဘူး။ သင့်ရဲ့ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ မိဘအမည် စတဲ့ အချက်အလက်တွေကို အတုပြုလုပ်သူတွေက ကူးယူသွားပြီး အသုံးချနိုင်ပါတယ်။ သင့်နာမည်နဲ့ ဘဏ်ကတ်အတုတွေ ပြုလုပ်ပြီး လိမ်လည်မှုတွေ ခိုးယူမှုတွေ ပြုလုပ်နိုင်ပါတယ်။

(၂) နေရပ်လိပ်စာနဲ့ ခရီးထွက်မယ့် အစီအစဉ်

ပျော်စရာကောင်းပြီး အသစ်အဆန်းတွေ တွေ့မြင်ရမယ့် ခရီးစဉ်အတွက် စိတ်လှုပ်ရှားမိပြီး ခရီးသွားမယ့်အကြောင်း လူမှုကွန်ရက်ပေါ်မှာ တင်လေ့ရှိကြပါတယ်။ ဒီခရီးကို သွားမယ့်အချိန် ကြာမယ့်အချိန် သွားမယ့်နေရာ စတဲ့ သင့်အိမ်မှာ သင်ဘယ်လောက်ကြာကြာ မရှိဘူး ဆိုတာကို သိရှိနိုင်မယ့် အကြောင်းအရာတွေ မမျှဝေသင့်ပါဘူး။ သင်အိမ်မှာမရှိတဲ့ အကြောင်း ခိုးယူဖောက်ထွင်းလိုသူတွေလည်း သိရှိသွားနိုင်ပါတယ်။ သင့်ရဲ့ နေရပ်လိပ်စာ အတိအကျကိုလည်း မြေပုံနဲ့ပဲဖြစ်ဖြစ် CheckIn ဝင်ပြီးဖြစ်ဖြစ် တခြားတစ်နည်းနည်းနဲ့ပဲဖြစ်ဖြစ် လူမှုကွန်ရက်ပေါ် မတင်မိပါစေနဲ့။ သင့်ရဲ့ အိမ်ဟာ လူဆိုးသူခိုးတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။

(၃) ဘဏ်အကောင့်

ငွေကြေးစာရင်းအင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကတ်ပြားတွေနဲ့ အဲဒီကအချက်အလက်တွေ ပါဝင်တဲ့ ဘယ်လိုအရာကိုမဆို လူမှုကွန်ရက်ပေါ် မမျှဝေပါနဲ့။ ကိုယ့်အလုပ်က ပထမဆုံးရတဲ့ လစာစာရွက်ကိုပဲဖြစ်ဖြစ် ပျော်ရွှင်တဲ့စိတ်နဲ့ ဓာတ်ပုံရိုက်တင်မိတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ စာရွက်ထဲမှာ ဘဏ်အကောင့်နံပါတ် ပါဝင်နိုင်တဲ့အတွက် အချက်အလက်တု ပြုလုပ်ခံရနိုင်ပါတယ်။ Instagram မှာ တင်ထားတဲ့ ငွေလက်ခံရရှိကြောင်း စာရွက်တွေကိုကြည့်ပြီး အချက်အလက်အတု ပြုလုပ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ၂၀၁၄ မှာ ဖမ်းမိခဲ့တဲ့အကြောင်း CNN သတင်းဌာနက အစီရင်ခံခဲ့ဖူးပါတယ်။

Ref: time.com