News

POST TYPE

IT

အနာဂတ်အတွက် အသင့်လျော်ဆုံးဖြစ်မည့် ဇီဝဒီဇယ်ဆီ တီထွင်
19-Jun-2017 tagged as နည်းပညာ

ကီဂါလီ၊ ဇွန် ၁၈

ရဝမ်ဒါနိုင်ငံမှ ဓာတုဗေဒပညာရှင်တစ်ဦး ဖြစ်သည့် လူးကပ် ဂုစ်ဆန်သည် အနာဂတ်အတွက် အသင့်လျော်ဆုံးဖြစ်မည့် ဇီဝလောင်စာဆီတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Los Angeles Times သတင်းတွင် ဖော်ပြထားသည်။

ဂုစ်ဆန်သည် ပြည်တွင်းရှိ လောင်စာဆီ ထုတ်လုပ်နေသော စက်ရုံများကို လှည့်လည်ကြည့်ရှုပြီးနောက် ဇီဝလောင်စာဆီ သီးသန့်ပြေးဆွဲနိုင်မည့် ဘတ်စ်ကားကို တီထွင်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

သူတီထွင်သည့် အပင်များက ထုတ်ယူရရှိသော လောင်စာဆီတစ်မျိုးသည် သာမန်ဒီဇယ်အင်ဂျင်များ အတွက် လောင်စာအဖြစ် ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်းကို လက်တွေ့ဖော်ထုတ်ပြသနိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ Ruhr-University Bochum တွင် ဂုစ်ဆန်နှင့် ပညာရှင်များသည် ဥရောပတိုက်တွင် လက်ရှိ ပြေးဆွဲနေသည့် ကားအင်ဂျင်များနှင့် လိုက်လျောညီထွေ အဖြစ်နိုင်ဆုံး ဇီဝလောင်စာဆီများကို တီထွင်နိုင်ခဲ့ပြီး လက်တွေ့စမ်းသပ်ပြသခဲ့သည်။

လောင်စာဆီများထဲတွင် မော်လီကျုကို အနည်းဆုံးဖြစ်စေရန် စီစဉ်ထားနိုင်ခြင်းက အပူချိန်ကိုလည်း အနည်းဆုံး အသုံးပြုရကြောင်း၊ ယခင်အမြင့်ဆုံး အသုံးပြုနေသည့် လောင်စာဆီများသည် ၆၆၀ ဒီဂရီ ဖာရင်ဟိုက်ရောက်မှ တောက်လောင်နိုင်စွမ်း ရှိသော်လည်း ဂုစ်ဆန်တို့ တီထွင်ထားသည့် ဇီဝလောင်စာဆီသည် ၃၅၀ ဒီဂရီ ဖာရင်ဟိုက် ရောက်လျှင် လောင်ကျွမ်းနိုင်စွမ်း ရှိကြောင်း သတင်းတွင် ရေးသားထားသည်။ 

ဇီဝလောင်စာများအထဲတွင် ပါဝင်သည့် မော်လီကျူးများသည် အရွယ်အစားပမာဏ တစ်မျိုးတည်းဖြစ်ပြီး တစ်ချိန်တည်းတွင် တောက်လောင်နိုင်သောကြောင့် လက်ရှိ သုံးစွဲနေသော ဒီဇယ်ဆီများထက် ပိုပြီးထိရောက်သည်ဟု ဂုစ်ဆန်က ပြောကြားသည်။

ဂုစ်ဆန်နှင့် သူ၏တပည့်များသည် မုန်ညင်းပင်တစ်မျိုးက ရရှိသည့် မုန်ညင်းစေ့များကို သုတေသန လုပ်ပြီးနောက် ဇီဝဝလာင်စာအဖြစ် ထုတ်လုပ်ခဲ့ရာတွင် သတ်မှတ်ထားသည့် ဒီဇယ်ဆီများထက် စွမ်းရည်ပိုမြင့်သော လောင်စာဆီ ဖြစ်နေသောကြောင့် အနာဂတ် လောင်စာဆီ ပြဿနာများကို မုန်ညင်းဆီများဖြင့် ဖြေရှင်းသွားနိုင်မည်ထင်ကြောင်း  Los Angeles Times တွင် ရေးသားထားသည်။