News

POST TYPE

IT

တစ်နာရီ မိုင် ၇၀၀ ပျံသန်းနိုင်သည့် စက်ရုပ်ဒရုန်း ပင်တဂွန် တီထွင်
18-Jun-2017 tagged as မောင်းသူမဲ့

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်သည် တစ်နာရီ မိုင် ၇၀၀ နှုန်းအထိ အလိုအလျောက် မောင်းနှင်ပျံသန်းမည့် စစ်သုံးစက်ရုပ်ဒရုန်းကို တီထွင်ခဲ့ကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။

ပင်တဂွန် စစ်ဌာနချုပ်၏ အထောက်အပံ့ဖြင့် ဆီလီကွန်တောင်ကြားမှ ပညာရှင်များသည် လေကြောင်းစစ်ဆင်ရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်မည့် မောင်းသူမဲ့ အမြန်ဆုံး တိုက်လေယာဉ်များအဖြစ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဒရုန်းတိုက်လေယာဉ်များကို Kratos Defense and Security Solutions က တီထွင်ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်ပြီး ဒရုန်းယာဉ် အမျိုးအစား နှစ်မျိုးကို ပွဲထုတ်ကာ ပြသခဲ့သည်။

UTAP-22 Mako ဆိုသည့် ဒရုန်းတိုက်လေယာဉ်သည် မြန်နှုန်းမြင့် ဒရုန်းယာဉ်ဖြစ်ပြီး၊ ဖျက်အားကောင်းသည့် လက်နက်ကြီးများကို တပ်ဆင်ထားကာ တစ်နာရီလျှင် မိုင် ၇၀၀ နှုန်းအထိ ပျံသန်းနိုင်မည် ဖြစ်သည်။

ဒုတိယအမျိုးအစား တစ်ခုမှာ ပေ ၃၀ ရှည်သည့် XQ-222 Valkyrie အမျိုးအစားဖြစ်ပြီး၊ လေမိုင် ၄၀၀၀ အထိ ပျံသန်းနိုင်ကာ၊ အမြန်ဆုံး တစ်နာရီလျှင် မိုင် ၆၅၀ နှုန်းအထိ ပျံသန်းနိုင်မည် ဖြစ်သည်။

ယင်းနှုန်းများအတိုင်း မောင်းနှင်နိုင်မည် ဆိုပါက ဒရုန်းယာဉ်များကို F-16 နှင့် F-35 လေယာဉ်များအတိုင်း ပျံသန်းနိုင်စွမ်းကို ရရှိနေပြီး၊ ယင်းဒရုန်းယာဉ်များကို မြေပြင်အခြေစိုက်စခန်းမှ သာမက အနီးပတ်ဝန်းကျင်များတွင် ပူးတွဲလိုက်ပါလာသည့် စစ်လေယာဉ်များကလည်း ထိန်းကျောင်းမောင်းနှင်သွားနိုင်မည် ဖြစ်သည်။

သရုပ်ပြပွဲတွင် ဒရုန်းတိုက်လေယာဉ်ကို အနီး၌ လိုက်ပါလာသော လေယာဉ်တစ်စင်းပေါ်မှ လေယာဉ်မှူးက Android တက်ဘလက်တစ်လုံးအား အသုံးပြုပြီး ထိန်းချုပ်သွားပုံကို ပြသခဲ့ကြသည်။ 

စစ်ဆင်ရေးတွင် ဒရုန်းတိုက်လေယာဉ်များကို အသုံးပြုခြင်းဖြင့် လူသားတို့၏ အသက်အန္တရာယ် ဆုံးရှုံးမှုများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး၊ မကြာမီ ရေတပ်တွင်လည်း သမုဒ္ဒရာ ကြမ်းပြင်အောက်တွင် မောင်းသူမဲ့ ရေငုပ်သင်္ဘောများဖြင့် မိုင်းရှာခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်ရှိကြောင်း ပင်တဂွန်က ပြောကြားသည်။

ဒရုန်းတိုက်လေယာဉ်များသည် လူလိုက်ပါမောင်းနှင်သည့် လေယာဉ်များထက် အကုန်အကျ သက်သာပြီး၊ အကြိမ်ကြိမ် ပြန်သုံးနိုင်ကာ၊ ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ သန်းမှ ၃ သန်းခန့်သာ ရှိကြောင်း Wall Street Journal တွင် ရေးသားထားသည်။