News

POST TYPE

IT

စတုတ္ထ စက်မှုတော်လှန်ရေးအတွက် ဗီယက်နမ်ကို ပြင်ဆင်ထားဟုဆို
ဟနွိုင်း၊ မေ ၁၈

ဗီယက်နမ်နိုင်ငံကို ကမ္ဘာ့ထုတ်ကုန်များ ထုတ်လုပ်ရာ ဗဟိုအချက်အချာကျသည့် နိုင်ငံကြီးတစ်ခု ဖြစ်လာစေရန် ဖန်တီးသည့်အနေနှင့် စတုတ္ထ စက်မှုတော်လှန်ရေးကြီးကိုပါ အသင့်ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း အာဆီယံနိုင်ငံများအတွင်း စက်မှုလုပ်ငန်းများတွင် ထင်ရှားသည့် Reed Tradex အဖွဲ့အစည်းမှ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ အီဆာရာ ဘူရင်ထရာမတ်၏ ပြောကြားချက်ကို Economic Times သတင်းတွင် ဖော်ပြထားသည်။ 

ဗီယက်နမ်နိုင်ငံသည် စက်မှုလုပ်ငန်းတိုင်းတွင် နည်းပညာများ အစားထိုးကာ ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် ယခုအချိန်ကတည်းက လူသားစွမ်းအားနေရာတွင် စက်များကို အစားထိုးပြီး သုံးစွဲလည်ပတ်သွားနိုင်ရန် စီစဉ်နေကြောင်း ယင်းက ဆိုသည်။

“လွန်ခဲ့သော ၁၀ နှစ်အတွင်း စက်မှုလုပ်ငန်းကြီးတွေမှာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားဦးမှာပါ။ ဒစ်ဂျစ်တယ်ခေတ်ကို သွားရတော့မှာဖြစ်လို့ စတုတ္ထ စက်မှုတော်လှန်ရေး အတွက်လည်း ကျွန်တော်တို့ အသင့်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်” ဟု အီဆာရာက ပြောကြားသည်။

ဂျပန်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင် လူသားတို့နေရာ၌ စက်ရုပ်များကို အစားထိုးသုံးစွဲရန် ကြံဆောင်လာသကဲ့သို့ ဗီယက်နမ်နိုင်ငံ အနေနှင့်လည်း ပြင်ဆင်နေပြီဟု Economic Times တွင် ရေးသားထားသည်။

VET အဖွဲ့၏ ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်း ဆန်းစစ်ချက်စစ်တမ်းတွင် ဗီယက်နမ်နိုင်ငံ၌ လက်ရှိ လုပ်ငန်းကြီးနှင့် အလယ်အလတ် လုပ်ငန်းပေါင်း ၂၀၀၀ ကျော်ရှိပြီး၊ ၈၅ ရာခိုင်နှုန်းသည် စတုတ္ထစက်မှု ခေတ်ပြောင်းတော်လှန်ရေးကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်နေသည်ဟု ဖော်ပြထားသည်။

စက်မှုခေတ်ပြောင်း တော်လှန်ရေးကို ဗီယက်နမ်နိုင်ငံ အစိုးရအနေနှင့်လည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်လုပ်ပိုင်ခွင့်တို့ဖြင့် အစိုးရဘက်မှ ဖြေလျှော့သင့်သည်တို့ကို ဖြေလျှော့ကာ လုပ်ဆောင်ပေးသွားရန် စီစဉ်နေကြောင်း အမျိုးသားစီးပွားရေး ကော်မတီမှ ဒုတိယအကြီးအကဲ မစ္စတာ ငို ဗန်တောင်းက ပြော ကြားသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဗီယက်နမ်နိုင်ငံတွင် စက်မှုခေတ်ပြောင်းတော်လှန်ရေးကို ပြင်ဆင်သည့် အနေနှင့် စက်ပစ္စည်းများကို ကိုင်တွယ်ထိန်းကျောင်းနိုင်မည့် ဝန်ထမ်းပေါင်း ၂၅၀၀ ခန့်ကို ဒေါ်လာ သန်း ၃၀၀ ခန့် အကုန်အကျခံပြီး လေ့ကျင့်ပေးခဲ့ကြောင်း Economic Times တွင် ရေးသားထားသည်။