News

POST TYPE

IT

အိန္ဒိယနိုင်ငံမှ အသက် ၁၈ နှစ်သား ကမ္ဘာ့အသေးဆုံး ဂြိုဟ်တု တီထွင်
19-May-2017 tagged as နည်းပညာ NASA

နယူးဒေလီ၊ မေ ၁၈

အိန္ဒိယနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် ရီဖတ်ရှာရွတ်သည် ကမ္ဘာ့အငယ်ဆုံး ဂြိုဟ်တုလေးကို တီထွင်နိုင်ခဲ့ခြင်းအား အမေရိကန် အာကာသသိပ္ပံ NASA အဖွဲ့က အသိအမှတ်ပြုပြီး ယင်းဂြိုဟ်တုလေးကို အာကာသအတွင်းသို့ စေလွှတ်ပေးသွားမည် ဖြစ်ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

ရီဖတ်သည် ၄ စင်တီမီတာ (၁ လက်မခွဲခန့်) အရွယ် ကုဗတုံးပုံစံ ဂြိုဟ်တုလေးကို 3D ပရင်တာဖြင့် ဒီဇိုင်းထုတ်ခဲ့ပြီး၊ အလေးချိန်မှာ သုံးအောင်စနီးပါးခန့်သာ ရှိသောကြောင့် iPhone ထက် ပိုပြီးပေါ့ပါးသည့် ဂြိုဟ်တုကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

မိမိအနေနှင့် အပြည့်စုံဆုံး ဂြိုဟ်တုတစ်ခုကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဂြိုဟ်တုထဲတွင် ကွန်ပျူတာစနစ်၊ ပြည်တွင်းဖြစ် ဆင်ဆာစနစ် ၈ မျိုး၊ ကမ္ဘာကို လည်ပတ်နိုင်စေမည့် သံလိုက်စနစ်များကို ထည့်သွင်းထားကြောင်း ရီဖတ်က ပြောကြားသည်။

ယင်းဂြိုဟ်တုကို NASA အဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းသားများအတွက် Cubes in Space ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ယှဉ်ပြိုင်သည့် ဂြိုဟ်တုပေါင်း ၈၀ ထဲမှ ရီဖတ်၏ ကုဗတုံးဂြိုဟ်တုလေးကို NASA အဖွဲ့နှင့် ပူးပေါင်းပါဝင်ကူညီသည့် I Doodle Learning ပညာရေး ကုမ္ပဏီတို့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Cubes in Spaceပြိုင်ပွဲကို နိုင်ငံပေါင်း ၅၇ နိုင်ငံမှ အဖွဲ့ဝင်ပေါင်း ၈၆,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရှာရွတ်၏ ဂြိုဟ်တုမှာ အထင်ရှားဆုံး ဖြစ်ခဲ့ရသည်။

ရှာရွတ်သည် KalamSat ဆိုသည့် အမည်ဖြင့် သူတီထွင်ထားသည့် ဂြိုဟ်တုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ လာမည့် ဇွန်လ ၂၂ ရက်နေ့တွင် အာကာသအတွင်းသို့ NASA က စေလွှတ်ပေးခြင်း ခံရမည် ဖြစ်သည်။

ဂြိုဟ်တုလေးကို တီထွင်ရသည့် အဓိက ရည်ရွယ်ချက်မှာ 3D ပရင်တာဖြင့် ထုတ်လုပ်ထားသည့် ကာဗွန်၏ ခံနိုင်စွမ်းကို ပြရန်ဖြစ်ကြောင်း KalamSat ဂြိုဟ်တုလေးသည် အာကာသအတွင်း ၁၂ မိနစ်ခန့်သာ ထိန်းချုပ်နိုင်ရန်အတွက်၊ NASA အဖွဲ့သည် လေးနာရီအကြာ အာကာသအတွင်း စေလွှတ်ပေးရမည် ဖြစ်ကြောင်း Times of India တွင် ရေးသားထားသည်။

ရှာရွတ်သည် အသက် ၁၅ နှစ်သားအရွယ်တွင် ဟေလီယံ မိုးပျံပူဖောင်းတစ်ခုကို တီထွင်ပြီး အိန္ဒိယနိုင်ငံ၏ လူငယ်သိပ္ပံပညာရှင်များကြားတွင် ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့ရသည်။