News

POST TYPE

IT

အမ်ပီသရီး သေဆုံးပြီလား
16-May-2017 tagged as

မနက်မိုးလင်းလို့ သတင်းကြည့်လိုက်တော့ “အမ်ပီသရီး သေပြီ”ဆိုတော့ လန့်သွားတယ်။ ဘယ့်နှယ့်ပါလိမ့်ပေါ့။ တေးဂီတ နားထောင်ဖို့အတွက် အသုံးအများဆုံး အသံကုတ်စနစ်တစ်ခု ဘာများ ဖြစ်သွားတာလဲဆိုတာ လိုက်ရှာကြည့်မိပါတယ်။ MP3 ဟာ iPod လို Music Player တွေ တစ်ခေတ်ဆန်းစေခဲ့သလို အွန်လိုင်းနဲ့ အချင်းချင်း မျှဝေတဲ့ ခိုးကူး (Pirated Copy) အတွက် အသုံးတည့်ဆုံး စနစ်တစ်ခုလည်း ဖြစ်နေတာကိုး။

တစ်ကယ်တမ်းမှာတော့ MP3 စနစ်အတွက် လိုင်စင်ပရိုဂရမ်ကို အဆုံးသတ်လိုက်တာပါ။

၁၉ ၈၀ ပြည့်နှစ်များ နှောင်းပိုင်းကစလို့ MP3 format စတင် ဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့တဲ့ နည်းပညာ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Fraunhofer IIS က ၂၀၁၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က စလို့ အချို့သော MP3 နဲ့ ဆက်စပ်မူပိုင်ခွင့်နဲ့ ဆော့ဖ်ဝဲလိုင်စင် အစီအစဉ်ကို အဆုံးသတ်လိုက်ပြီလို့ မကြာသေးမီက ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါကိုပဲ တစ်ချို့ သတင်းဝက်ဘ်ဆိုက်တွေက အမ်ပီသရီး သေဆုံးပြီလို့ တင်စားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာ နယ်ပယ်ကတော့ အခုဆုံးဖြတ်ချက်အပေါ် ပိုအကောင်းမြင်နေကြပါတယ်။

အွန်လိုင်း စီဒီ ခုတ် (Ripping) ပေးတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Murfie က လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ Nate Suo ကတော့ MP3 လိုင်စင် ထုတ်ပေးမှု အဆုံးသတ်လိုက်တာဟာ သူ့ကုမ္ပဏီရဲ့ စီပွားရေးအပေါ် မထိခိုက်နိုင်ဘူးလို့ ဆိုပါတယ်။

“အရင်ကလိုပဲ ကျွန်တော်တို့ MP3 ကို ဆက်သုံးသွားကြမှာပါ။ လိုင်စင်သက်တမ်း ကုန်သွားတာဟာ သုံးစွဲမှုအပေါ် MP3 fomat အဖြစ် ပြန်ပြောင်းတဲ့အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး”လို့ Suo က ဆိုပါတယ်။

Mac Observer ၀က်ဘ်ဆိုက်က ဂျက်ဂမ်းမတ်ကလည်း MP3 ဟာ GIFF ဖိုင်ရဲ့လမ်းစဉ်ကို လိုက်တာလို့ ဆိုပါတယ်။ အလှုပ်ဓာတ်ပုံလေးတွေလို့ အလွယ်ပြောနိုင်တဲ့ GIF ဖိုင်စနစ်နဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်က သက်တမ်း ကုန်သွားခဲ့ပေမဲ့ အခုအခါ ဒီ format ဟာ အရင်ကထက်တောင် ပို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ MP3 ကရော ဒီလမ်းကြောင်းအတိုင်း လိုက်ပြီး ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကာလလို တွင်ကျယ်ပါဦးမလား ဆိုတာတော့ မေးခွန်းထုတ်စရာပါ။

MP3 ဟာ သုံးစွဲသူတွေကြားမှာ ကနေ့ အချိန်အထိ ရေပန်းစားနေတယ် ဆိုပေမဲ့လို့ အခြားသော ပိုအသုံးတည့်ပြီး လုပ်ဆောင်ချက်တွေ ပိုများတဲ့ ကုတ်စနစ်တွေ ပေါ်လာတာကိုတော့ ထည့်တွက်ရမယ်လို့ Fraunhofer အဖွဲ့က သုံးသပ်ထားပါတယ်။

MP3 ဟာ Download လုပ်ရာမှာ အသုံးအတွင်ဆုံး Format တစ်ခုအဖြစ် ဆက်ရှိနေပေမဲ့ အင်တာနက် ချိတ်ဆက်ပြီး တိုက်ရိုက် ထုတ်လွှင့်တဲ့ Streaming ၀န်ဆောင်မှုတွေမှာတော့ သုံးတာ နည်းလာပါတယ်။ Spotify၊ Apple Music၊ Tidal တို့လို Streaming Services တွေမှာ OGG, AAC, FLAC စတဲ့ စနစ်တွေ သုံးလာကြပါတယ်။

လိုင်စင်ထုတ်ပေးမှု အဆုံးသတ်တယ်ဆိုတာ ဘာလဲဆိုတာတော့ ရှင်းဖို့လိုပါတယ်။ ကိုယ်ဝယ်တဲ့ (ဒါမှမဟုတ် ခိုးကူးတဲ့) MP3 ကိုဖန်တီးတဲ့ ကုမ္ပဏီဟာ Fraunhofer/ Technicolor ကို လိုင်စင်ကြေး မပေးရတဲ့သဘောပါ။ အဲဒီအတွက် MP3 စနစ်ကို မွမ်းမံ အဆင့်မြှင့်ပေးတာမျိုး အာမခံချက်နဲ့ ၀န်ဆောင်မှုတွေတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ခင်ဗျားရဲ့ MP3 စနစ်နဲ့ သိမ်းထားတဲ့ သီချင်းတွေကတော့ ဒီအတိုင်း ဆက်ရှိနေမှာပါ။

  • TAGS