News

POST TYPE

IT

Yangon Bus Report မိုဘိုင်းလ် App ရေးဆွဲသူများနှင့် တွေ့ဆုံခြင်း
16-May-2017 tagged as နည်းပညာ App

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားယာဉ်လိုင်းများကို ဇန်နဝါရီလ ၁၆ ရက်က စတင်ပြီး လမ်းကြောင်းသစ်တွေကို ပြောင်းလဲပြေးဆွဲပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ စည်းကမ်းတင်းကျပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခင်ကာလများကကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ ခရီးသည်များအပေါ် ရိုင်းပျစွာ ဆက်ဆံခြင်း၊ တိုက်ခိုက်ရန်ပြုခြင်း၊ ယာဉ်စီးခ ငွေပိုတောင်းခြင်းများလည်း ရှိနေဆဲဖြစ်သည်။ ယင်းကဲ့သို့ အခက်အခဲများကို တိုင်ကြားနိုင်ရန်အတွက် Yangon Bus Report အမည်ရှိ မိုဘိုင်းလ် App ကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားသည့် PyinPayPar အဖွဲ့က ရေးဆွဲထုတ်လုပ်ထားသည်။ လက်ရှိတွင် ယင်း Yangon Bus Report App မှတစ်ဆင့် တိုင်ကြားမှုများကို တာဝန်ရှိသူများထံသို့ PyinPayPar အဖွဲ့က နေ့စဉ်ပေးပို့နေပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသည်။ ယင်းမိုဘိုင်းလ် App အကြောင်းနှင့် မိုဘိုင်းလ် App အသက်ဝင်စေရန် ဆောင်ရွက်ရမှု အခက်အခဲများ အကြောင်းကို PyinPayPar အဖွဲ့နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice :  ပထမဆုံးအနေနဲ့ ဒီ App ကို စပြီး လုပ်တဲ့အချိန်ကနေ အခုအချိန်အထိ အဆင့်မြှင့်တင်မှုတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့ပြီးပြီလို့ သိရတယ်ဗျ။ လက်ရှိမှာ ဘယ်လောက်အထိ အသုံးဝင်နေပြီလဲ။

Team PPP :  ကျွန်တော်တို့ Yangon Bus Report က လက်ရှိမှာတော့ ဗားရှင်းအဆင့်မြှင့်တင်မှု လေးကြိမ်လောက်အထိ ရှိသွားပြီ။ နောက်ပြီးတော့ iOS Application တွေလည်း ထုတ်ထားပြီးပြီ။ တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့လည်း အခုလောလောဆယ် အနေအထားမှာ တိုင်ကြားမှု အားလုံးပေါင်း ၂၃၀၀ ကျော်လောက်အထိ ရှိနေပြီ။ စာရင်းသွင်းပြီး အသုံးပြုသူ ၇၀၀၀ ကျော်လောက် ရှိနေပြီ။ နောက်ပြီးတော့ တိုင်ကြားမှုတွေ အားလုံးက တိုင်လိုက်တယ် ဆိုတာနဲ့ ကားနံပါတ်နဲ့တကွ App မှာ မြင်နေရတဲ့အတွက် ဒီဘတ်စ်ကားလိုင်း အော်ပရေတာတွေ အနေနဲ့ အရေးယူချင်တယ်ဆိုရင် App မှာ အလွယ်တကူကြည့်ပြီး အရေးယူနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း တိုင်ကြားမှုတွေ အားလုံးကို ဘတ်စ်ကား အော်ပရေတာတွေဆီ ရောက်အောင် Viber အဖွဲ့တွေကနေ ပို့တယ်။ တချို့အော်ပရေတာတွေက အရေးယူပြီးကြောင်း အကြောင်းပြန်တယ်။ တချို့တွေလည်း အကြောင်းမပြန်ဘူး။ သူတို့တွေနဲ့ ပြန်ပြီး စကားပြောကြည့်တဲ့ အခါမှာတော့ ဒီဟာအပေါ်မှာ အရေးယူတာတွေရှိတယ် ဆိုတာ တွေ့ရတယ်ဗျ။

Voice :  အဲ့ဒီတော့ အော်ပရေတာတွေဆီကို တိုင်ကြားမှုတွေ ပို့ပေးတယ်။ ဒီအပေါ်ကနေ အရေးယူမှုတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီ App က တရားဝင် တိုင်ကြားနိုင်တဲ့ App ဆိုတာမျိုးတော့ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်တာမျိုး မတွေ့ရသေးဘူးဗျ။ 

Team PPP :  အဲ့ဒါတော့ ကျွန်တော်တို့ Yangon Bus Report App ကိုရေးတဲ့ ပြင်ပေးပါ အဖွဲ့အနေနဲ့ အပြည့်စုံဆုံး၊ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားကြပါတယ်။ ပြီးတော့ YRTA က တာဝန်ရှိတဲ့ သူတွေနဲ့လည်း ထိတွေ့ပြီးတော့ အကောင်းဆုံး ထောက်ပံ့နိုင်အောင် ကြိုးစားထားကြပါတယ်။ သူတို့ဘက်က ဒါကို နှုတ်အားဖြင့် သတ်မှတ်တာတင်မကပဲ တရားဝင် ကြေညာချက်ထုတ်ပြီး သုံးမယ်ဆိုရင်တော့ ပိုထိရောက်မယ် ထင်ပါတယ် ခင်ဗျ။

Voice :  သူတို့ဘက်ကရော ဒါကို တရားဝင်သုံးဖို့၊ မသုံးဖို့ ဘယ်လိုတုံ့ပြန်တာ ရှိလဲဗျ။ 

Team PPP :  ဒါကို သုံးပါမယ် ဆိုတာကို YRTA အနေနဲ့ သုံးမယ်လို့ ပြောထားတာရှိတယ်။ နောက်ပြီးတော့ နှုတ်အားဖြင့် အသိအမှတ်ပြုထားတယ်။ သတင်းဌာနတွေ မေးတော့လည်း ဒါကိုသုံးပါမယ်လို့ ဖြေထားတာ ရှိတယ်။ 

Voice :  App မှာ တိုင်ကြားထာတာကို သူတို့ အကြောင်းပြန်ထားတာလေး တစ်ခု တွေ့တယ်။ ဒီယာဉ်လိုင်းမှာ ဒီယာဉ်နံပါတ် မရှိပါဘူးလို့ ပြန်ကြားထားတယ်။ အဲ့ဒီကိစ္စက ဘယ်လိုမျိုး ဖြစ်နေတာလဲ။

Team PPP :  အဓိကက သူတို့ စာရင်းရှိနဲ့ မြေပြင်မှာ ပြေးဆွဲနေတဲ့ ယာဉ်အမှတ်တွေက မတူတာဗျ။ မတူတဲ့အခါကျတော့ သေသေချာချာ ပြန်ပြီးစိစစ်မှသာ တိကျတဲ့ ယာဉ်အမှတ်စာရင်းတွေ ထွက်မှာဗျ။ အဲ့ဒီကျမှပဲ ဒီဟာတွေက ပြည့်ပြည့်စုံစုံ ကိုင်တွယ်လို့ရမှာ။

Voice :  ဒီလိုမျိုး ယာဉ်တစ်စီးချင်းစီအပေါ် တိုင်ကြားချက်တွေ၊ ယာဉ်လိုင်းတစ်ခုချင်းအပေါ် တိုင်ကြားချက်တွေ အတွက်ကိုရော ဒီ App က ဘယ်လိုမျိုး အထောက်အပံ့ ပေးသေးလဲဗျ။

Team PPP :  ကျွန်တော်တို့ကတော့ YRTA က နေရတဲ့ အချက်အလက်တွေအပေါ်၊ အော်ပရေတာတွေဆီက ရတဲ့အချက်အလက်တွေအပေါ် မူတည်ပြီး တည်ဆောက်ကြရတာဗျ။ ကျွန်တော်တို့က တိုင်ကြားမှုတွေကို စုစည်းတဲ့နေရာမှာ ယာဉ်လိုင်းတစ်ခုချင်းစီ အပေါ်မှာ စုတာထက်ပိုပြီး တိကျတဲ့ ယာဉ်တစ်စီးချင်း၊ ယာဉ်အမှတ်တစ်ခုချင်းစီ အပေါ်မှာ စုစည်းနိုင်အောင် အထိ သွားချင်တော့ အဲ့အတွက် အချက်အလက်တွေကို သေသေချာချာ တည်ဆောက်ထားတယ်။ တကယ်ပြဿနာ ဖြစ်နေတဲ့ကားက ဒီကားချည်းပဲ ဖြစ်နေတာလားဆိုတာ သိရမှ တစ်ဖက်က ဒါကိုအာရုံစိုက်ပြီး ကိုင်တွယ်နိုင်မှာ။ ဒီမှာ ပထမဆုံး အခက်အခဲ တွေ့တာက စာရင်းရှိနဲ့ မြေပြင်မှာ ပြေးဆွဲတဲ့ကားက မကိုက်ညီတဲ့ အခါကျတော့ သူ့ရဲ့ အမှုတွဲကို တိတိကျကျတွဲဖို့ အထိကျတော့ အပြည့်အစုံ မရောက်နိုင်သေးဘူးပေါ့။ သူ့ရဲ့စာရင်းတွေ အတိအကျဖြစ်တဲ့ အခါတော့ အဆင်ပြေပြီပေါ့။ ဥပမာ ဖြစ်ရပ်တစ်ခုဆိုရင် ကားတစ်စီးက ဒီယာဉ်လိုင်းမှာ မရှိဘူး။ ဒါကို နံပါတ်တပ်ပြီး ဝင်ဆွဲနေတာ။ ဒီလိုဖြစ်ရပ်မျိုးဆိုရင် နံပါတ်ကြည့်လိုက်တာနဲ့ ဒီကားက ဒီယာဉ်လိုင်းမှာ မရှိဘူး ဆိုတာ အလွယ်တကူ သိနိုင်တယ်။ 

Voice :  ဒီ App မှာ တိုင်ကြားချက် ၂၃၀၀ ကျော် ရှိနေတယ်။ သူတို့ဆီလည်း ရောက်အောင်ပို့ ထားတယ်ပေါ့လေ။ ဒီအခြေအနေမှာ သူတို့ဘက်က သိရှိပြီးတော့မှ ပြန်ပြီး အရေးယူဆောင်ရွက်မှုကရော ဘယ်လောက်ရှိသလဲဗျ။ 

Team PPP :  ကျွန်တော်တို့ဆီကို အရေးယူပြီးကြောင်း ပြန်ကြားတာက အတိုင်းအတာတစ်ခုအထိ တော့ရှိတယ်ဗျ။ ဒါပေမဲ့ သူတို့ပြောတဲ့ ပုံစံအရတော့ သူတို့ အားလုံးနီးပါး ဒီအပေါ်မှာ အရေးယူဆောင်ရွက်မှု ရှိတယ်လို့ ပြောတယ်ဗျ။ တစ်ခုတော့ ရှိတာက တိုင်ကြားမှုတွေကို ကားသမားတွေက ဒါဟုတ်ပါတယ်ဆိုတာ ဝန်ခံတာရှိတယ်။ တချို့ဟာတွေက ငြင်းတာရှိတယ်။ အဲ့ဒီအခြေအနေမျိုးတွေ ရောက်ရင်တော့ ဒီထက်ပိုတဲ့ သက်သေတွေရှိဖို့ လိုအပ်တယ်။ ဥပမာ- ယာဉ်စီးခ ပိုတောင်းတာဆိုရင် သူတို့ဘက်က ခံငြင်းမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတာ ရှိတယ်။ 

Voice : ယာဉ်စီးသူကတော့ တကူးတက ယာဉ်လိုင်းတစ်လိုင်းကို အလုပ်ရှုပ်ခံပြီး တိုင်မှာတော့ မဟုတ်ပါဘူး။ ဒီ App မှာဆိုလည်း ဓာတ်ပုံနဲ့တကွ တင်လို့ရတာ မှန်တယ်။ ဒါပေမဲ့ ကိုယ်က ဓာတ်ပုံသွားရိုက်ရင် ကိုယ့်ခေါင်းကို ပြန်အရိုက်ခံရမယ်ဆိုတဲ့ စိုးရိမ်မှု ရှိတယ်။ ဒီတိကျတဲ့ သက်သေဆိုတဲ့ဟာကို ဘယ်လိုနည်းလမ်းမျိုးနဲ့ သွားလို့ရဦးမလဲ။

Team PPP :  ကျွန်တော်တို့က ဒီဓာတ်ပုံကို တိကျတဲ့ သက်သေတစ်ခုအနေနဲ့ လုပ်ထားတာပေါ့လေ။ ဥပမာ- ယာဉ်စီးခ ဖြတ်ပိုင်းမှု မှတ်တမ်းကို ဖြဲဆုတ်ထားတယ်ဆိုရင် သေချာပေါက် ဓာတ်ပုံရိုက်ပြီး တင်လို့ရမယ်။ အဲ့ဒါဆိုရင်လည်း သူတို့ အရေးယူဆောင်ရွက်မှု လုပ်လို့ရပြီ။ တချို့တိုင်ကြားချက်တွေ အနေနဲ့ ချက်ချင်းကြီး တစ်ကြိမ်တည်းနဲ့ အရေးယူလို့ မရဘူးပေါ့။ တိုင်ထားတဲ့ဟာက ဒီလိုဟာမျိုးကြီးပဲ ဒီကားအပေါ်မှာ လေးကြိမ်လောက် ရှိလာပြီ ဆိုရင်တော့ ဒါ သေချာပြီ၊ အရေးယူလို့ ရပြီပေါ့။ တိုင်ကြားချက်တွေရဲ့ အပေါ်မှာ မူတည်ပြီး ကြည့်လို့ရမယ်။

Voice : လက်ရှိ အသုံးပြုသူက ၇၀၀၀ လောက် ရှိနေတယ်။ ဒီထက်ပိုပြီး လူများများသုံးဖို့၊ ပိုပြီးလူတွေ သိလာအောင်။ ဒီ App ကနေ တိုင်ကြားမှုတွေကို အရေးယူ ဆောင်ရွက်ပေးနေပါတယ် ဆိုတာမျိုး၊ တရားဝင် App အဖြစ် ကြေညာပေးတာမျိုးရော လိုအပ်မလားဗျ။

Team PPP :  အမှန်အတိုင်း ပြောရရင်တော့ ဒါက ဖြစ်သင့်တယ်ဗျ။ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ရှုထောင့်ပေါင်းစုံကနေ ကြိုးစားပြီး ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး လုပ်နေကြတာ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်း ရိုးရှင်းတယ်။ အစိုးရကနေ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ နည်းပညာနဲ့ အထောက်အပံ့ပေးတဲ့ ပုံစံတစ်ခုကို အသက်ဝင်စေချင်တာ။ ဒီလိုအသက်ဝင်အောင် နည်းလမ်းမျိုးစုံသုံးပြီးတော့ လိုက်လုပ်ပေးတယ်။ အဲ့ဒီလို လိုက်လုပ်ပေးတဲ့ နေရာမှာ သူတို့က အသိအမှတ်ပြုမှသာ ဒီထက်ပိုပြီး ထိရောက်တဲ့ဟာ တစ်ခု ဖြစ်မှာ။ တစ်ခုရှိတာက ဒါကို အသိအမှတ်ပြုပြီး သုံးမယ်ဆိုရင် သူတို့ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုတော့ လိုအပ်မယ်။ တိုင်ကြားလာတာတွေကို အရေးယူပါမယ် ဆိုတာမျိုး လိုအပ်မယ်။ ကျွန်တော်တို့ရဲ့ App  က အစိုးရဘက်ကို အထောက်အပံ့ပေးတာ မဟုတ်ဘူး။ ပြည်သူဘက်ကို အထောက်အပံ့ ပေးထားတာ။ 

Voice :  ဒီ တရားဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်း အတွက်ပေါ့လေ။ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့သလဲ။ ဘာတွေအခက်အခဲတွေ ရှိခဲ့လဲ။

Team PPP :  ကျွန်တော်တို့ကတော့ ဒီဟာနဲ့ ပတ်သက်ပြီး YBS စတင်ပြေးဆွဲပြီး ဒုတိယနေ့မှာ ကတည်းက စဖြစ်တယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ရလာတဲ့ တိုင်ကြားထားတဲ့ အချက်အလက်တွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း အများကြီး အသုံးဝင်တယ်။ ဒါက ပြည့်ပြည့်စုံစုံ ဖြစ်လာတဲ့ အခါကျတော့ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ ခွင့်တောင်းတယ်။ ဒါပေမဲ့ အခုထက်ထိကို အကြောင်းမပြန်သေးဘူး။ တွေ့ခွင့်မရသေးဘူး။ ဒါပေမဲ့ ဖန်တီးရာအဖွဲ့ကနေ တစ်ဆင့် ချဉ်းကပ်ပြီးတော့ ဖန်တီးရာအဖွဲ့က ကျွန်တော်တို့ကို လာပြောတယ်။ ဒါမျိုး App တွေ လုပ်မယ်ဆိုပြီးတော့။ အဲ့ဒီကနေတစ်ဆင့် YRTA အတွင်းရေးမှူးတွေ အထိကို တွေ့ပြီး ဒီအဆင့်အထိရောက်အောင် လုပ်လာတာ။

Voice :  ဒီလိုနည်းပညာ ထုတ်ကုန်မျိုးတွေကို ထုတ်လုပ်တယ်။ အကျိုးအမြတ်ကို မမျှော်ဘူး။ အစ်ကို အမြဲပြောတာတော့ ပရဟိတန ည်းပညာ စိတ်ကူးပေါ့လေ။ ဒါကို နည်းနည်းလောက် အကျယ်လေး ပြောပေးပါဦး။

Team PPP :  ကျွန်တော်တို့နိုင်ငံက စံစားဖို့ အနေအထား မရှိသေးဘူး။ အဲ့ဒီတော့ ဝိုင်းဝန်းပြီးတော့ ကူညီတွန်းရမယ့် အခြေအနေမျိုးမှာပဲ ရှိသေးတယ်။ ဒါက YBS အနေနဲ့လည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာပဲဆို တော့ ကျွန်တော်တို့ နည်းပညာဘက်ကလည်း ဝိုင်းကူပြီး တွန်းပေးတာပေါ့။ ထိထိရောက်ရောက် အကူအညီပေးတဲ့ နေရာမှာ ထိထိရောက်ရောက် အသိအမှတ်ပြုဖို့လည်း လိုတယ်ဗျ။ ဒါပေမဲ့ ဒါက ကူညီတာလား၊ နေရာယူတာလား ဆိုတာကိုတော့ သူတို့ ခွဲခြားသိဖို့ လိုတယ်ဗျ။ နောက်တစ်ခုက ဒါက သူတို့ကို ကူညီတာ၊ သူတို့နေရာကိုယူမှာ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ ကျွန်တော်ကတော့ ပရဟိတစိတ်ကူးတွေနဲ့ ပတ်သက်ရင် ဟိုးအရင်ကတည်းက ဟောပြောပွဲတွေမှာလည်း ပြောတယ်။ တပည့်တွေနဲ့လည်း တိုက်တွန်းတယ်။ ကိုယ်တိုင်လည်း ရေးတယ်။ နောက်ဆုံး ဒီအစိုးရကနေ ပြည်သူကို ပေးတဲ့ဝန်ဆောင်မှုတွေမှာ အသက်ဝင်လာအောင်လည်း ကြိုးစားတယ်။ 

Voice :  အဲ့ဒီတော့ ဒါတွေအတွက် အချိန်တွေ ပေးရတယ်။ လုပ်အားတွေ ပေးရတယ်။ ကိုယ်စွမ်းဉာဏ်စွမ်း အတတ်ပညာတွေ စိုက်ထုတ်ရတယ်။ လိုအပ်ရင် ငွေကြေးကို အိတ်စိုက်ထုတ်ရတယ်။ အဲ့ဒီအပေါ်မှာ ပြန်ပြီးတော့ အကျိုးရလဒ်က ငွေကြေးအားဖြင့်တော့ ဖြစ်ချင်မှဖြစ်မယ်။ ဘယ်လိုမျိုး မျှော်လင့်ထားလဲ။

Team PPP :  ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ မျှော်လင့်ချက်က ရှင်းရှင်းလေးပဲ။ အစိုးရကနေ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ နည်းပညာလမ်းကြောင်းတစ်ခု မြန်မာနိုင်ငံမှာ စံပြအနေနဲ့ အသက်ဝင်လာဖို့ပဲ။ ဒီလိုအသက်ဝင်လာမှပဲ ဒီလိုနည်းပညာတွေကို ဒီလိုအသုံးပြုရတယ်၊ ဒီလောက်အထိ အသုံးဝင်တယ်ဆိုတာ သိစေချင်တာ။ အစိုးရဘက်က ကြည့်ရင်လည်း ဒီလို Government to Public (G to P) ဆိုတာ နိုင်ငံရေးအရ တကယ်ကောင်းမွန်တဲ့ အထောက်အပံ့တစ်ခုပဲလေဗျာ။ ပြည်သူတွေ တောင်းဆိုမှုကို လိုက်ပြီး အသိအမှတ်ပြုတဲ့အထိ တွေ့နေရတာပေါ့။ ဒါကို ထိရောက်မယ်၊ အသုံးဝင်တယ်လို့ မြင်မယ်ဆိုရင် သူတို့အတွက်လည်း အများကြီး အရေးပါမယ့် အခွင့်အရေး တစ်ခုပဲဗျ။

Voice : အချုပ်အားဖြင့်ပေါ့လေ။ ဒီ Yangon Bus Report လိုမျိုး အစိုးရကနေ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ နည်းပညာလမ်းကြောင်းတွေ ဘယ်လောက်အထိ ရှိလာဖို့ လိုအပ်မလဲဗျ။

Team PPP :  ကျွန်တော်တို့ အစိုးရက ပွင့်လင်းမြင်သာဖို့ ဆိုတာက သတင်းထုတ်ပြန်ရုံနဲ့ မလုံလောက်ဘူးဗျ။ သတင်းထုတ်ပြန်တယ်ဆိုတာ လမ်းကြောင်းတစ်ဖက်ပဲ သွားတာ။ အဓိကက အသွားအပြန် ရှိရမယ်။ အပြန်အလှန် ဆက်သွယ်နိုင်ရမှာ။ Government to Public ဘယ်လောက်ရှိတယ်ဆိုတာ အပေါ် မူတည်ပြီး ဒီနိုင်ငံရဲ့ အစိုးရကို ဘယ်လောက်ပွင့်လင်းမြင်သာမှု ရှိသလဲဆိုတာ သုံးသပ်လို့ရတယ်။ အဲ့ဒါအရေးကြီးတယ်။ ဒါကိုလုပ်တဲ့နေရာမှာ နည်းပညာက အကောင်းဆုံးပဲ။                    
           
မောင်မန်း



ABOUT AUTHOR

(မောင်မန်း)