News

POST TYPE

IT

နိုင်ငံ ၁၀၀ နီးပါး ပျံ့နှံ့ခဲ့သည့် ပြန်ပေးဆွဲဆော့ဖ်ဝဲ (ransomware) ကို အမှတ်မထင် ဟန့်တားနိုင်ခဲ့သည့် အမည်မသိ သုတေသနပညာရှင် သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရ
14-May-2017 tagged as နည်းပညာ

(ပုံစာ - Ransomware WannaCry ကို ဟန့်တားနိုင်သည့် နည်းလမ်းဖော်ပြထားသည့် MalwareTech ဝက်ဘ်ဆိုက်ပုံ)

လန်ဒန်၊ မေ ၁၄

နိုင်ငံပေါင်း ၁၀၀ နီးပါးကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်ခဲ့သည့် နိုင်ငံ ၁၀၀ နီးပါးမှ အဖွဲ့အစည်းများကို ပစ်မှတ်ထားသော ကွန်ပျူတာစနစ်အတွင်း ဖောက်ထွင်းပြီး အချက်အလက်များကို ထိန်းချုပ်ကာ ငွေတောင်းခံသော အချက်အလက် ပြန်ပေးဆွဲဆော့ဖ်ဝဲ (ransomware) ကို ဟန့်တားနိုင်ရန် အမည်မသိ သုတေသနပညာရှင်မှာ သူရဲကောင်းအဖြစ် ဝိုင်းဝန်းဂုဏ်ပြုခံနေရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

MalwareTech ဆိုသော အမည်ဝှက်ကို အသုံးပြုသည့် အသက် ၂၂ နှစ်အရွယ် သုတေသနပညာရှင်မှာ WannCry အမည်ရ ransomeware ပျံ့နှံ့မှုကို ဟန့်တားနိုင်ခဲ့သည့်အတွက် အင်တာနက်သူရဲကောင်း ဖြစ်လာခဲ့သည်။ 

ဗြိတိန်တွင် အခြေစိုက်သည့် MalwareTech အမည်ဝှက်သုံးသည့် ပုဂ္ဂိုလ်မှာ သူ့အမည်အစစ်နှင့် အမျိုးသား၊ အမျိုးသမီး မည်သူမည်ဝါ ဖြစ်ခြင်းကိုမူ မီဒီယာများသို့ ပြောကြားခဲ့ခြင်း မရှိပေ။ 

MalwareTech က မေလ ၁၃ ရက်နေ့ အစောပိုင်းတွင် ransomeware ကို မည်သို့ဟန့်တားရမည် ဆိုသည့် နည်းလမ်းကို သူ၏ MalwareTech ဟုပင် အမည်ပေးထားသည့် ဝက်ဘ်ဆိုက်တွင် တင်ပေးခဲ့ခြင်း ဖြစ်သည်။

အချက်အလက် ပြန်ပေးဆွဲဆော့ဖ်ဝဲသည် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာများကို ထိန်းချုပ်ပြီး ကွန်ပျူတာတွင်းရှိ ဖိုင်များ ပြန်လိုချင်ပါက ဒေါ်လာရာနှင့်ချီပေးရန် ကွန်ပျူတာ ပိုင်ရှင်များထံမှ ငွေညှစ်ခြင်း ဖြစ်သည်။

Ransomware သည် ကူးစက်ခံရသည့် ကွန်ပျူတာတစ်ခုမှ ဖိုင်အားလုံးကို သုံးမရအောင် ပိတ်ချနိုင်ပြီး ကွန်ပျူတာ သုံးစွဲသူသည် ထိုဖိုင်များအားလုံး ပြန်လည်အသုံးပြု၊ ထိန်းချုပ်လိုပါက ပိုက်ဆံပေးရန် တောင်းခံခြင်းကဲ့သို့သော ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုလေ့ရှိသည့် malware (အဖျက်ဆော့ဖ်ဝဲ) တစ်မျိုး ဖြစ်သည်။

ဝင်းဒိုးစ်ကွန်ပျူတာများမှ အားနည်းချက်ကို အသုံးချပြီး ကွန်ပျူတာများကို သူလျှိုလုပ်ရန် အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က အသုံးပြုခဲ့သော နည်းလမ်းမှာ ဧပြီလအတွင်းက ပေါက်ကြားခဲ့ပြီးနောက် ဟက်ကာအချို့က အသုံးချခဲ့ခြင်း ဖြစ်သည်။ Microsoft ကုမ္ပဏီက Windows မောင်းနှင်စနစ်အတွက် Update ထုတ်ပြန်ပေးထားသော်လည်း Update မလုပ်သော ကွန်ပျူတာများ အဖောက်ခံရခြင်း ဖြစ်သည်။

အဖျက်ဆော့ဖ်ဝဲ (maleware) များကို လေ့လာသူ ဖြစ်ခြင်းကြောင့် MalwareTech ဟု အမည်ဝှက်ပေးထားသည့် ပညာရှင်သည် ပြန်ပေးဆွဲဆော့ဖ်ဝဲ အတွင်းရှိ မှတ်ပုံမတင်ရသေးသော ဝက်ဘ်ဆိုက် domain name တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ယင်းဒိုမိန်းအမည်ကို ၁၀ ဒသမ ၆၉ ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းဒိမိန်းမှာ အဖျက်ဆော့ဖ်ဝဲ၏ အသွားအလာမှတ်တမ်းကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာသည့် ဆာဗာ သို့မဟုတ် sinkhole တစ်ခုကို ညွှန်းသည်ကို တွေ့ခဲ့ရသည်။ 

တစ်ကယ်တမ်းတွင် ယင်းဒိုမိန်းမှာ တိုက်ခိုက်မှုကို ပိတ်ချသည့် ခလုတ်သဘော ဖန်တီးထားခြင်း ဖြစ်ပြီး ransomeware ကို ထိန်းချုပ်သည့် သူက ပိတ်လိုလျှင် ပိတ်ရန် စီမံထားခြင်း ဖြစ်သည်ကို တွေ့ခဲ့ရသည်။ ထိုတွေ့ရှိမှုကို သူ၏ malwaretech ဟုပင် အမည်ပေးထားသည့်
ယခုကဲ့သို့ ပျံနှံ့မှုကြီးကို ထိန်းချုပ်နိုင်ခဲ့မှုအတွက် ချီးကျူးခံနေရသော်လည်း ပညာရှင်က သူ့ဆောင်ရွက်မှုမှာ အထူးတလည် မဟုတ်ကြောင်း၊ ချီးကျူးစကားများ အတွက်မူ ကျေးဇူးတင်ကြောင်း CNN ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

သို့သော်လည်း ယခုနည်းလမ်းမှာ WannaCry ဗားရှင်းတစ်မျိုးကိုသာ ဟန့်တားနိုင်ခြင်း ဖြစ်ပြီး မတူညီသော ဗားရှင်းများအတွက် အလုပ်မဖြစ်ပေ။ သို့ဖြစ်ရာ Windows စနစ်သုံး ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့် Update လုပ်ထားရန် လိုအပ်နေသည်။

ယင်းအားနည်းချက်ကို စတွေ့ခဲ့သူမှာ Proofpoint အင်တာနက် လုံခြုံရေးကုမ္ပဏီမှ ဒါရီယန်ဟက်စ်က စတင်သတိပြုမိခြင်း ဖြစ်ပြီး MalwareTech က ဟန့်တားမည့်နည်းကို ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းနည်းကို ပိတ်ရန်လမ်းအဖြစ် ဖန်တီးထားခြင်းကို ကြည့်လျှင် တိုက်ခိုက်သည့် ဟက်ကာများသည် အပျော်တမ်းအဆင့်ဟုသာ ဆိုနိုင်ကြောင်း၊ နည်းရသွား၍သာ တိုက်ခိုက်ပြီး ငွေညှစ်နိုင်ခြင်း ဖြစ်ကြောင်း ဟက်စ်က သုံးသပ်ထားသည်။