News

POST TYPE

IT

နိုင်ငံပေါင်း ၉၉ နိုင်ငံတွင် ကွန်ပျူတာ အချက်အလက် ပြန်ပေးဆွဲဆော့ဖ်ဝဲ (ransomware) ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား
13-May-2017 tagged as နည်းပညာ

နိုင်ငံပေါင်း ၉၉ မှ အဖွဲ့အစည်းများကို ပြစ်မှတ်ထားသော ကွန်ပျူတာစနစ်အတွင်း ဖောက်ထွင်းပြီး အချက်အလက်များကို ထိန်းချုပ်ကာ ငွေတောင်းခံသော အချက်အလက် ပြန်ပေးဆွဲဆော့ဖ်ဝဲ (ransomware) ဖြင့် တိုက်ခိုက်မှု သောင်းနှင့်ချီဖြစ်ပွားလျက်ရှိကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

နိုင်ငံ ၉၉ နိုင်ငံတွင် တိုက်ခိုက်မှုပေါင်း ၇၅၀၀၀ အထိ ဖြစ်ပွားခဲ့သည်ဟု ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Avast က ခြေရာခံနိုင်ခဲ့သည်။ တိုက်ခိုက်မှု အများစုမှာ ရုရှား၊ ယူကရိန်း၊ ထိုင်ဝမ်တို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

Ransomware ဆိုတာ

Ransomware သည် ကူးစက်ခံရသည့် ကွန်ပျူတာတစ်ခုမှ ဖိုင်အားလုံးကို သုံးမရအောင် ပိတ်ချနိုင်ပြီး ကွန်ပျူတာ သုံးစွဲသူသည် ထိုဖိုင်များအားလုံး ပြန်လည်အသုံးပြု၊ ထိန်းချုပ်လိုပါက ပိုက်ဆံပေးရန် တောင်းခံခြင်းကဲ့သို့သော ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုလေ့ရှိသည့် malware (အဖျက်ဆော့ဖ်ဝဲ) တစ်မျိုး ဖြစ်သည်။

ယခုဖောက်ထွင်းမှုတွင် အသုံးပြုသော Ransomware မှာ “WannaCry” ဟု အမည်ရပြီး Microsoft ၏ Windows စနစ်မှ အားနည်းချက်တစ်ခုကို အခွင့်ကောင်းယူပြီး ပျံ့နှံ့ဝင်ရောက်လာခြင်း ဖြစ်သည်။ Microsoft က ယင်းအားနည်းချက်ကို ပြင်ဆင်ရန် လုံခြုံရေးမွမ်းမံမှုတစ်ခု မတ်လကတည်းက ထုတ်ပေးခဲ့သော်လည်း Update မလုပ်သော ကွန်ပျူတာစနစ်များတွင် ကူးစက်ခံရခြင်း ဖြစ်သည်။

ယင်းအားနည်းချက်ကို အသုံးချ ဖောက်ထွင်းသည့်နည်းမှာ ပြီးခဲ့သည့်လက ပေါက်ကြားခဲ့သော အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၏ သူလျှိုနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။ ယင်းစနစ်ကို ဟက်ကာများက အသုံးချခဲ့ခြင်းဖြစ်သည်။

“ကူးစက်ခံရတဲ့ စက်တွေအနေနဲ့ ၆ နာရီအတွင်း ပိုက်ဆံပေးရမှာဖြစ်ပြီး နာရီအနည်းငယ်ကြာတိုင်း ပြန်ပေးငွေက တက်လာပါတယ်။ ပိုက်ဆံပေးလိုက်တဲ့သူ အများစုကတော့ ကနဦး နာရီပိုင်းအတွင်း ဆိုရင် ဒေါ်လာ ၃၀၀ ပေးရတာ တွေ့ရပါတယ်” ဟု Kaspersky Lab ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ကာ့တ်ဘောမ်ဂါ့တ်နာက သုံးသပ်သည်။

ဗြိတိန်မှ အမျိုးသားကျန်းမာရေးလုပ်ငန်း (NHS) ဌာန ၁၆ ခု တိုက်ခိုက်ခံခဲ့ရပြီး အချို့ဆေးရုံများမှာ ပြင်ပလူနာလက်ခံမှု ရပ်ဆိုင်းထားရပြီး အရေးပေါ်ဌာနများသို့လည်း အတတ်နိုင်ဆုံး မလာကြရန် အသိပေးထားသည်။ စပိန်ဆက်သွယ်ရေး ကုမ္ပဏီ Telefónica လည်း တိုက်ခိုက်ခံခဲ့ရသည်။

ရုရှားပြည်ထဲရေး ဝန်ကြီးဌာနကလည်း ၎င်း၏ ကွန်ပျူတာများတွင် အချက်အလက် ပြန်ပေးဆွဲ ဆော့ဖ်ဝဲဖြင့် တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သည်။ ထိခိုက်မှုရှိသည့် ကွန်ပျူတာ ၁ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း၊ ဗိုင်းရပ်စ်ကို ပျံ့နှံ့ခြင်း မရှိစေရန် ဖြစ်သည့် စက်များတွင်သာ ကန့်သတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖျက်ဆီးနိုင်ရန်မူ ကြိုးစားဆဲဖြစ်သည်။

ရုရှားဆက်သွယ်ရေး ကုမ္ပဏီ Megafon ပါ တိုက်ခိုက်ခံခဲ့ရသော်လည်း Call Centers များသာ ထိပြီး ကုမ္ပဏီ၏ ကွန်ရက်ကို မထိခိုက်ခဲ့ဟု ဆိုသည်။

အမေရိကန် အမိမြေလုံခြုံရေးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး သုံးစွဲသူများ အနေဖြင့် စက်များကို Update လုပ်ကြရန် ဆော်သြထားသည်။ ကူးစက်ခံရပြီးပါက Update လုပ်လျှင်လည်း မထူးတော့သောကြောင့် ယခုကတည်းက ကွန်ပျူတာအားလုံး မောင်းနှင်စနစ် (OS) Update လုပ်ကြရန် ပညာရှင်များက တိုက်တွန်းထားသည်။

လျင်မြန်စွာ ကူးစက်နိုင်ပြီး စက်တစ်လုံးကူးသည်နှင့် ယင်းစက်နှင့် ချိတ်ဆက်ထားသော ကွန်ရက်တစ်ခုလုံး ကူးစက်ခြင်ြး ဖစ်သည်။ ဥပမာ ကူးစက်ခံထားရသော လက်ပ်တော့ကို ယူသွားပြီး ကော်ဖီဆိုင်မှ အင်တာနက်နှင့် ချိတ်သုံးလျှင်ပင် ယင်းကော်ဖီဆိုင်တွင်း ကွန်ရက်ချိတ်သုံးနေသော ကွန်ပျူတာအားလုံးကို ကူးစက်နိုင်သည်ဟု သိရသည်။ 

F-03