POST TYPE

IT

ဆိုက်ဘာတိုက်ခိုက်မှုများသည် လူသားတို့အတွက် အဓိက ပြဿနာတစ်ခု ဖြစ်လာနိုင်ဟု ဘတ်ဖစ် ပြောကြား
12-May-2017 tagged as နည်းပညာ

ဝါရှင်တန်၊ မေ ၁၀

ဆိုက်ဘာတိုက်ခိုက်မှုများသည် နျူကလီးယားဖြင့် ခြိမ်းခြောက်တိုက်ခိုက်မှုများထက် ပိုပြီးကြီးမားလာနိုင်သည့် လူသားတို့အတွက် အဓိက ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သည့် သူဌေးကြီး ဝါရင် ဘတ်ဖစ်၏ ပြောကြားချက်ကို AFP သတင်းတွင် ဖော်ပြထားသည်။
“ကျွန်တော် ဆိုက်ဘာအကြောင်းတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ အဲဒါကြီးက လူသားတို့အတွက် နံပါတ်တစ် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်” ဟု ယင်းက ဆိုသည်။

ယမန်နှစ်ကတည်းက ဘီလီယံနာ သူဌေးကြီး ဝါရင် ဘတ်ဖစ်သည် စီးပွားရေး လုပ်ငန်းကြီးများ အနေနှင့် ဇီဝလက်နက်များဖြင့် တိုက်ခိုက်မှုများ၊ နျူကလီးယားစစ်ပွဲများနှင့် ဓာတုဆေးဝါးများဖြင့် တိုက်ခိုက်မှုများအပြင် အွန်လိုင်းကတစ်ဆင့် ဆိုက်ဘာတိုက်ခိုက်မှုများကိုလည်း သတိထားသင့်ကြောင်း သတိပေးခဲ့ပြီး ဖြစ်သည်။

ဘတ်ဖစ်က မြင်ရသည့် လက်နက်များဖြင့် တိုက်ခိုက်မှုများထက်၊ မမြင်ရသည့် မမျှော်လင့်သော နေရာမှ တိုက်ခိုက်လာမည့် ဆိုက်ဘာအန္တရာယ်ကိုလည်း သတိထားရန်လိုကြောင်း အမေရိကန်ပြည်ထောင်စု၊ နီဘရားစကားပြည်နယ်၊ အိုဟားမားမြို့တွင် ကျင်းပသည့် ရှယ်ယာရှင်များ တွေ့ဆုံပွဲ၌ ပြောကြားသည်။

ထို့ပြင် ဘတ်ဖစ်က ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးကတည်းက အမေရိကန်အစိုးရ အနေနှင့် အဏုမြူဗုံးချသည့် အလုပ်မျိုးကဲ့သို့ မလုပ်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း၊ စီးပွားရေး လုပ်ငန်းများတွင် ဉာဏ်ရည်တုများဖြင့် စွမ်းဆောင်နိုင်သည့်အပေါ် မှီခိုနေခြင်းများအပေါ် သတိထားရန် လိုကြောင်းလည်း ထောက်ပြခဲ့သည်။ 

ဉာဏ်ရည်တုဖြင့် လုပ်ငန်းများ လုပ်ဆောင်လာခြင်းကြောင့် အလုပ်သမားများကို လျှော့ချနိုင်ခဲ့သည် မှန်သော်လည်း၊ လူ့ဘောင်အတွက် ကောင်းကျိုးဖြစ်မလာနိုင်ကြောင်း၊ ဆိုက်ဘာလုံခြုံရေး ညံ့ဖျင်းမှုကြောင့် သမ္မတ ရွေးကောက်ပွဲကို ထိခိုက်နိုင်မှုများ ဖြစ်ခဲ့သည်ကိုလည်း သတိထားစေလိုကြောင်း ဘတ်ဖစ်က ဆိုသည်။