News

POST TYPE

IT

စည်းကမ်းမဲ့ ဘတ်စ်ကားတွေကို ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်မယ့် App
12-May-2017 tagged as နည်းပညာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားယာဉ်လိုင်းတွေကို ဇန်နဝါရီလ ၁၆ ရက်က စတင်ပြီး လမ်းကြောင်းသစ်တွေ ပြောင်းလဲပြေးဆွဲပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ စည်းကမ်းတင်းကျပ်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ယခင်ကာလတွေကလို စည်းကမ်းမဲ့  မောင်းနှင်တဲ့ ယာဉ်လိုင်းတွေ၊ ခရီးသည်အပေါ် ရိုင်းပျစွာ ဆက်ဆံတာတွေနဲ့ တိုက်ခိုက်ရန်ပြုတာတွေကတော့ ရှိနေဆဲပါ။ 

ဒီလိုဘတ်စ်ကားယာဉ်လိုင်းတွေရဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေနဲ့ ရမ်းကားမှုတွေကို တာဝန်ရှိသူတွေဆီ မိုဘိုင်းလ် App ကတစ်ဆင့် အလွယ်တကူ တိုင်ကြားနိုင်တဲ့ မိုဘိုင်းလ် App ကို သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသားလူငယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Team PyinPayPar အဖွဲ့ကနေ ရေးဆွဲပြီး ယာဉ်လိုင်းတွေ စတင်ပြေးဆွဲပြီး ဒုတိယနေ့ ကတည်းကနေ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ App က တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်တဲ့အတွက် အရေးယူမှုတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံနှင့်တကွလည်း ထည့်သွင်းတိုင်ကြားနိုင်အောင် အဆင့်မြှင့်တင်ထားပါတယ်။ 

ဒီ App မှာ ဘယ်လိုလုပ်ဆောင်ချက်တွေ ပါဝင်မလဲဆိုတာ ကြည့်ရအောင်။ တိုင်ကြားချက်များ App ကို ပေးပို့တိုင်ကြားထားတဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ ရမ်းကားမှု၊ အရှိန်မြင့်မောင်းနှင်မှု၊ ယာဉ်စီးခ ပိုမိုတောင်းခံမှု စတဲ့ ယာဉ်လိုင်းအသီးသီးကို တိုင်ကြားထားတဲ့ တိုင်ကြားချက်တွေကို တွေ့ရမှာပါ။ 

ဘယ်လိုတိုင်မလဲ App ရဲ့ ညာဘက်အောက်ထောင့်မှာ အဝါရောင် ခဲတံပုံလေး တွေ့ရမှာပါ။ ဒါကို နှိပ်လိုက်ရင် ယာဉ်လိုင်းနံပါတ်တွေ ကျလာပါလိမ့်မယ်။ ကိုယ်တိုင်ကြားမယ့် ယာဉ်လိုင်းနံပါတ်ကို နှိပ်ပါ။ အကြောင်းအရာ ရွေးချယ်ပေးပါ။ ယာဉ်နံပါတ်ကို ထည့်သွင်းပေးပါ။ ဖြစ်စဉ်အကြောင်းအရာကို ရေးသားနိုင်ပါတယ်။ အောက်ဆုံးက pick photo ဆိုတာကို နှိပ်လိုက်ရင် ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြလို့ ရပါတယ်။ အမျိုးအစားအလိုက် ကြည့်ရန် ဒီနေရာမှာတော့ ယာဉ်လိုင်းတွေအလိုက် တိုင်ကြားမှုများ၊ တိုင်ကြားခံရမှု အများဆုံး ယာဉ်လိုင်းများ၊ အရေးယူပြီးသည့် တိုင်ကြားမှုများ၊ ထုတ်ပြန်ချက်များကို ဖော်ပြပေးထားပါတယ်။ ကိုယ်စီးနင်းခဲ့တဲ့ ဘတ်စ်ကားလိုင်းရဲ့ ဝန်ဆောင်မှုအပေါ်လည်း အဆင့်သတ်မှတ်ပေးနိုင်ပါတယ်။ 

လက်ရှိမှာ ဒီ App ကို အသုံးပြုပြီး တိုင်ကြားခံမှု အများဆုံး ယာဉ်လိုင်းကတော့ အမှတ် ၆ ယာဉ်လိုင်းဖြစ်ပြီး ၁၇၉ ကြိမ် တိုင်ကြားခံထားရပါတယ်။ ဒီ App ကို အသုံးပြုသူ ၇၀၀၀ ကျော် ရှိနေပြီး App ကနေ တိုင်ကြားမှုတွေက ၂၀၀၀ ကျော် ရှိနေပါတယ်။ အရေးယူပြီးတဲ့ တိုင်ကြားမှုတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားယာဉ်လိုင်းတွေရဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှု၊ ယာဉ်စီးခငွေ ပိုတောင်းမှုနဲ့ ရမ်းကားမှုတွေကို ဓာတ်ပုံနှင့်တကွ မိုဘိုင်းလ် App ကနေ အလွယ်တကူ တိုင်ကြားနိုင်မယ့် App ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ App ကို အသုံးပြုစဉ်မှာ အင်တာနက် ဆက်သွယ်မှုတော့ လိုအပ်မှာ ဖြစ်ပါတယ်။