News

POST TYPE

IT

ကမ္ဘာမြေကို စွန့်ခွာသွားရန် စတီဖင်ဟော့ကင်း ပြောကြားချက် မဟုတ်မှန်ဟု စိန်ခေါ်ခံရ
12-May-2017 tagged as ဟော့ကင်း

ဝါရှင်တန်၊ မေ ၁၀

ကမ္ဘာကျော် ရူပဗေဒ ပညာရှင်ကြီးတစ်ဦး ဖြစ်သူ စတီဖင်ဟော့ကင်းသည် မကြာသေးမီက BBC သတင်းဌာနမှ ထုတ်လွှင့်သော Expedition New Earth အစီအစဉ်၌ ကမ္ဘာကြီး ပျက်စီးလုနီးပြီ ဖြစ်သောကြောင့် လူသားတို့သည် လာမည့် နှစ် ၁၀၀ အတွင်း ကမ္ဘာမြေကို စွန့်ခွာကာ အာကာသထဲတွင် ဂြိုဟ်သစ်များ ရှာဖွေသင့်ကြောင်း ပြောကြားချက်ကို ရူပဗေဒ၊ သင်္ချာနှင့် နက္ခတ်ဗေဒပညာရှင် ဒေါက်တာတစ်ဦးက မဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန် စိန်ခေါ်လိုက်သည်ဟု Tech Times သတင်းတွင် ဖော်ပြထားသည်။ 

စတီဖင်ဟော့ကင်းက ကမ္ဘာမြေကြီးသည် ရာသီဥတု ပြောင်းလဲခြင်း၊ ဂြိုဟ်ပဲ့များ ပြုတ်ကျထိခိုက်မှုကို ခံရနိုင်ခြင်း၊ ရောဂါဘယဘေးများ ကျရောက်နိုင်ခြင်း၊ နျူကလီးယား စစ်ပွဲဘေးများ ရင်ဆိုင်ရနိုင်ခြင်း စသည့် ဘေးများကို ခံစားရပြီး ပျက်စီးနိုင်သောကြောင့် ဂြိုဟ်အသစ်တစ်ခုတွင် သွားရောက်နေထိုင်မှ လူသားမျိုး မပျက်သုဉ်းမည် ဖြစ်ကြောင်း ကြိုတင်သတိပေးခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ရှိနေပြီဖြစ်သည့် ကင်းဘရစ်ခ်ျတက္ကသိုလ်မှ ပါမောက္ခဟော့ကင်းသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ကမ္ဘာကြီးသည် နောက်ထပ် နှစ်ပေါင်း ၁၀၀၀ ပင် မခံတော့ကြောင်းလည်း ပြောကြားခဲ့သည်။

ဟော့ကင်း၏ ဝေဖန်ပြောကြားချက်များကို ထင်ရှားသည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ မိုက်ကယ်ဂူလန်က စိန်ခေါ်လိုက်ပြီး ဟော့ကင်း၏ ပြောကြားချက်များသည် သိပ္ပံနည်းမကျသည့် ခန့်မှန်းပြောဆိုချက်များ ဖြစ်ကြောင်း Fox News က တစ်ဆင့် ထောက်ပြဝေဖန်ခဲ့သည်။ 

မိုက်ကယ်က ဟော့ကင်း၏ ပြောကြားချက်သည် သမ္မတ ဒေါ်နယ်ထရမ့်လို ပေါက်ကရပြောပြီး လူစိတ်ဝင်စားစေရန် လုပ်ဆောင်ခြင်းမျှသာ ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်ကလည်း သိပ္ပံပညာရှင်များ အကြောင်း မကောင်းပြောပြီး လူအထင်ကြီး အာရုံစိုက်စေရန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာ မိုက်ကယ်ဂူလန်က ကမ္ဘာကြီးပေါ်တွင် လူသားတို့ တီထွင်မှုကြောင့် လူသားတို့ ပျက်စီးနိုင်သည့် အကြောင်းတရားပေါင်း များစွာ ရှိနေသော်လည်း၊ လူသားတို့ကသာ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်သွားကြရကြောင်း၊ ကမ္ဘာကြီးမှ လူသားတို့ အာကာသအတွင်းသို့ ခြေဆန့်နေကြသည်မှာ ၁၉၇၀ ပြည့်နှစ်ခန့် ကတည်းက ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာ့အပြင်သို့ လူသားများကို ပို့ဆောင်ပေးရန် ပုဂ္ဂလိက အဖွဲ့အစည်းများကလည်း ကြိုးစားနေကြကြောင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင် လူသားတို့ နေထိုင်နိုင်ရေး ဆိုသည်မှာ မဖြစ်နိုင်သေးကြောင်း ထောက်ပြဝေဖန်ခဲ့သည်။

ကမ္ဘာကြီး ပျက်စီးမည် စိုးရိမ်ပြီး ကမ္ဘာကြီးက စွန့်ခွာထွက်ပြေးရန် ဆိုသည်မှာ ငွေကြေးချမ်းသာသည့် သူဌေးကြီးများ၏ နှစ်ပေါင်းများစွာ ကြိုးစားနေသော အစီအစဉ် ဖြစ်သော်လည်း လက်တွေ့တွင် မဖြစ်နိုင်သေးကြောင်း Tech Times တွင် ရေးသားထားသည်။