POST TYPE

IT

လူနှစ်ယောက်စီး ဆိုလာလေယာဉ် ၂၀၁၈ ခုနှစ်တွင် ပျံသန်းရန် အသင့်ဖြစ်မည်
08-May-2017 tagged as နည်းပညာ

ဇူးရစ်၊ မေ ၇

ကမ္ဘာ့ပထမဆုံး လူနှစ်ယောက်စီး နေရောင်ခြည်စွမ်းအင်ဖြင့် မောင်းနှင်နိုင်မည့် ဆိုလာလေယာဉ်ငယ်များကို ၂၀၁၈ ခုနှစ်က စတင်ပြီး ဈေးကွက်တွင် ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

SolarStratos ဟု အမည်ပေးထားသော လောင်စာထည့်ရန် မလိုသည့် လေယာဉ်ငယ်သည်၊ နေရောင်ခြည်စွမ်းအင် သက်သက်ဖြင့်သာ မောင်းနှင်နိုင်မည်ဖြစ်ပြီး ၇ မိနစ်အကြာ ပျံသန်းပြသသည့် စမ်းသပ်ပွဲတွင် မီတာ ၃၀၀ အထိ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ကိုယ်ပိုင်နှစ်ယောက်စီးယာဉ်များ ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်ပြီး တီထွင်သူ ရာဖီးလ် ဒွန်ဂျန်က ဆွစ်ဇာလန်နိုင်ငံ၊ ပရာနီမြို့ပေါ်တွင် ပျံသန်းပြခဲ့ခြင်း ဖြစ်သည်။

နေရောင်ခြည်စွမ်းအင် သက်သက်ကို အသုံးပြုပြီး လူနှစ်ယောက်စီး လေယာဉ်ကို တီထွင်ပျံသန်းပြနိုင်ခဲ့ခြင်းမှာ သမိုင်းဝင်မည့် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်ကို အသုံးချပြီး ပျံသန်းနိုင်မည့် လေယာဉ်များ တီထွင်ထုတ်လုပ်ခြင်း၏ ရှေ့ပြေးအောင်မြင်မှုတစ်ခု ဖြစ်ကြောင်း ရာဖီးလ်က ပြောကြားသည်။ 

၂၁ ရာစုသည် နေရောင်ခြည်စွမ်းအင်သုံး ယာဉ်များနှင့် လျှပ်စစ်ဓာတ်အားသုံးယာဉ်များ ပြိုင်ဆိုင်ထုတ်လုပ်မှု အကောင်းဆုံး ဖြစ်လာနိုင်ပြီး၊ မိမိတို့ လေယာဉ်များသည် မီတာ ၂၅၀၀၀ အထိ ပျံသန်းနိုင်မည့်ယာဉ်များ ဖြစ်လာမည်ဟုလည်း ယင်းက ဆိုသည်။

SolarStratos ပရောဂျက်ကို ဆွစ်ဇာလန်နိုင်ငံမှ ရိုလန်လုစ် ဦးဆောင်သည့်အဖွဲ့က လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက တီထွင်ခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလက အာကာသအတွင်း ငါးနာရီအကြာ ပျံသန်းမှုကို စံချိန်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အရှည် ၂၈ ပေရှိ ယင်း SolarStratos ယာဉ်ပေါ်တွင် နေရောင်ခြည် စွမ်းအင်သုံး 32-kW အီလက်ထရစ်အင်ဂျင်နှင့် 20 kWh Lithium-ion ဘက်ထရီများအပြင်၊ ၇၂ ပေပတ်လည် ဆိုလာဆဲလ်များကို အသုံးပြုထားကြောင်း Reuters တွင် ရေးသားထားသည်။