News

POST TYPE

IT

ရန်ကုန်မြို့က သေနတ်သမား ကိုစိုင်းမောင်နှင့် တွေ့ဆုံခြင်း
16-Aug-2016

မြန်မာနိုင်ငံတွင် ကွန်ပျူတာဂိမ်း၊ မိုဘိုင်းလ်ဂိမ်း စသည့် ဂိမ်းများကို ဖျော်ဖြေရေးအဖြစ်သာ သဘောထား သတ်မှတ်နေကြသေးသည်။ ဂိမ်းတစ်ခုကို အားကစားအဖြစ် သတ်မှတ်သိမြင်မှု မရှိသေးပေ။ သို့သော်လည်း ကွန်ပျူတာဂိမ်းကို အားကစားတစ်ခုသဖွယ် သတ်မှတ်ဆော့ကစားလာသည့် လူငယ်များလည်း အများအပြားပင် ရှိလာပြီဖြစ်သည်။ ယင်းတို့အနက်မှ ရန်ကုန်မြို့မှ အသက် ၂၇ နှစ်အရွယ် Counter Strike Go ကစားသမားတစ်ဦးဖြစ်သည့် ကိုစိုင်းမောင်နှင့် တွေ့ဆုံပြီး ကစားသမားဘဝ ဖြတ်သန်းခဲ့မှုများနှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ရန်ကုန်မြို့က သေနတ်သမားတစ်ယောက်လို့ ပြောလိုက်ရင် စိုင်းမောင်ဆိုတဲ့ နာမည်ကို သိထားကြတယ်။ ဒီနာမည်တစ်ခုကို ရလာဖို့အတွက် ဘယ်အချိန်လောက် ကတည်းက ဒီကစားနည်းထဲကို ကျွမ်းဝင်လာခဲ့တာလဲ။

SM : စဆော့တုန်းကတော့ ဒီတိုင်းပဲ သူငယ်ချင်းတွေနဲ့ ကွန်ပျူတာဂိမ်းဆိုင် ဖွင့်တယ်ဆိုလို့ သွားဆော့ခဲ့တာ။ အဲ့ဒီမှာ Counter ဆိုတာကို သိခဲ့တာ။ ဂိမ်းကို ကြိုက်လို့ ဆက်ဆော့ရင်း ဒီလိုပဲ ဖြစ်လာခဲ့တာ။ စဆော့ဖြစ်ခဲ့တာက ကျွန်တော် ၇ တန်းကျောင်းသား။ ၂၀၀၀ ခုနှစ် အလွန်လောက်က။ 

Voice : ဒီဂိမ်းကို ဆော့လာတဲ့ သက်တမ်းက ၁၆ နှစ်လောက် ဖြစ်လာပြီ။ ဒီကစားသမား ဘဝကို ဖြတ်သန်းလာခဲ့တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။ 

SM : အခက်အခဲကတော့ ဘယ်လိုပြောရမလဲ။ ကျွန်တော်က အလုပ်အကိုင်က သင်္ဘောလိုက်တယ်။ သင်္ဘောပြန်တက်ဖို့ စောင့်နေတဲ့ အချိန်တွေမှာ ဆော့တယ်ပေါ့။ အီလက်ထရွန်နစ် အားကစားသမား တစ်ယောက် အနေနဲ့ ဒီနိုင်ငံမှာ ရပ်တည်ဖို့တော့ မဖြစ်နိုင်သေးဘူးပေါ့။ နိုင်ငံခြားမှာတော့ ဖြစ်နိုင်နေပြီလေ။ 

Voice : ဒီမှာ အီလက်ထရွန်နစ် အားကစားသမားတစ်ယောက် အနေနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်သေးတာ ဘာကြောင့်လဲ။

SM : အဓိကကတော့ ပြိုင်ပွဲကို လုပ်ပေးတဲ့သူရယ်၊ စပွန်ဆာ အထောက်အပံ့ပေးတဲ့သူရယ်၊ အသင်းတွေကို အထောက်အပံ့ပေးမယ့် အဖွဲ့အစည်းတွေရယ် လိုတာပေါ့။ နိုင်ငံခြားက အသင်းတွေဆိုလည်း ဒီလိုပဲ သွားကြတာကိုး။ ဘောလုံးအသင်းတွေလိုပဲ ကစားသမားတွေကို စာချုပ်ချုပ်တယ်။ ဒီမှာတော့ အဲ့လိုမျိုး မရှိနိုင်သေးဘူးလေ။

Voice : ဒီဂိမ်းအပေါ် ကိုစိုင်းမောင်အနေနဲ့ ဘယ်လိုမျိုး ခံစားထားလဲ။ ဒါကို အနုပညာတစ်ခုလို့ ထင်လား။

SM : အဲ့ဒီလိုကျတော့ ပြောရခက်တယ်ဗျ။ ဒီဂိမ်းကို ကြိုက်လို့ဆော့တယ်ပေါ့။ အနုပညာရယ်လို့တော့ မဟုတ်ပါဘူး။ ဘောလုံးကန်တာ ကြိုက်တဲ့သူက ဘောလုံးကန်တယ်။ ဘတ်စကက်ဘောသမားက ဘတ်စကက်ဘောပေါ့။ ဒီ Counter ကျတော့လည်း အဲ့လိုမျိုး ခပ်ဆင်ဆင်ပဲပေါ့။

Voice : ဒါကို အားကစားတစ်ခု အနေနဲ့ပဲ ချဉ်းကပ်တယ်ပေါ့။

SM : ဟုတ်တယ်ဗျ။ အဲ့ဒီလိုပဲပေါ့။ ဒါပေမဲ့ ဟိုအားကစားတွေကျတော့ ကိုယ်ကာယ အားကစားပေါ့။ ဒါကတော့ အီလက်ထရွန်နစ် အားကစားပေါ့။ အဲ့လိုဖြစ်သွားတာပေါ့။

Voice : ဂိမ်းက အားကစားတစ်ခုပါလို့ ပြောချင်ရင် ဘယ်အချက်ကိုထောက်ပြီး ပြောလို့ရမလဲ။

SM : ဂိမ်းက အားကစားတစ်ခုပါဆိုရင် ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ကို အပြင်ပန်းအမြင်က မြင်ရမယ်ဆိုရင် လက်ပဲလှုပ်နေတယ်။ ကျန်တာ ဘာမှလှုပ်ရှားမှု မရှိဘူး။ သူတို့သိတဲ့ အားကစား ဆိုတာက အသည်းအသန် ပြေးလွှားနေကြတာမျိုးလေ။ ဂိမ်းကကျတော့ တစ်ခုနဲ့တစ်ခုကို စဉ်းစားနေရတာ။ ဒါလုပ်ရင် ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားနေရတာ။ 

စခန်းတစ်ခုကို ဖောက်မယ်ဆိုရင် သူတို့က နေရာယူပြီး ထောက်ထားမှာ။ ကိုယ်က ဒီတိုင်းဝင်သွားရင် ကျည်ဆန် နှစ်တောင့်လောက်တော့ အနည်းဆုံး အကျောပေးရလိမ့်မယ်။ ကျည်ဆန်နှစ်တောင့်ရဲ့ စွမ်းအားက အနည်းဆုံး သွေး ၄၀ ရှိတယ်။ သွေး ၆၀ နဲ့ သွေးအပြည့် ၁၀၀ နဲ့ သွားယှဉ်ရသလို ဖြစ်နေတယ်။ အဲ့ဒီမှာ ကိုယ်က ဗုံးတွေကို စနစ်တကျ သုံးသွားရင် အသာရနိုင်တယ်။ ပြောရမယ်ဆိုရင် အီလက်ထရွန်နစ် အားကစားက စစ်တုရင် ထိုးတာနဲ့ ခပ်ဆင်ဆင်တူတယ်။ စစ်တုရင်မှာလည်း လက်ပဲလှုပ်ရတယ်။ ဦးနှောက်သုံးရတယ်။ အဲ့လိုမျိုးပေါ့။ ကျွန်တော်တို့ ဂိမ်းမှာကျတော့ ပိုမြန်တယ်ဗျ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတယ်။ သူတို့မှာ အကွက်တစ်ကွက်ကိုရွှေ့ဖို့ အချိန်ရှိတယ်။ ကျွန်တော်တို့ဆီမှာကျတော့ AK ကနေ ပစ္စတို ပြောင်းလိုက်တဲ့ အချိန်မှာပဲ ရန်သူထွက်လာလို့ သေသွားနိုင်တယ်။ သူတို့ကတော့ အကွက်တစ်ကွက်ကို အနည်းဆုံး တစ်မိနစ်လောက် အချိန်ရတယ်။ ဒီမှာကျတော့ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ 

Voice : ကိုစိုင်းမောင် ကစားခဲ့တဲ့ အသင်းတွေ အနေနဲ့ ဆိုရင်ရော။

SM : အသင်းတွေကတော့ အများကြီးဗျ။ AIM ဗျာ။ ပြီးသွားတော့ အသင်းတွေ အများကြီးပဲ မမှတ်မိတော့ဘူး။ နောက်ဆုံးကတော့ Next Gaming ပေါ့။ စုစုပေါင်း ၁၀ သင်းတောင် မကလောက်ဘူး။

Voice : ပြိုင်ပွဲတစ်ခုမှာ စိုင်းမောင်အနေနဲ့ ဘယ်လိုလက်နက်မျိုးတွေကို အားသာလဲ။

SM : Counter မှာဆိုရင် M4 နဲ့ AK ကို အားသာတယ်။ စနိုက်ပါကျတော့ လွဲတာများတယ်ဗျ။ ဟားဟား။ မကိုင်ဖြစ်ဘူး။

Voice : ရန်သူကို ကျကျနန ချိန်တွယ်ပြီး Mouse ကို Click လိုက်တဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဗျ။

SM : တစ်ခါတလေ ဂိမ်းထဲမှာ မျောသွားတဲ့အခါ ကျရင်တော့ သေနတ်မောင်းကို ဆွဲဖြုတ်လိုက်ရသလို အဲ့လိုမျိုး အရသာတော့ ခံစားရတာပေါ့။ ၅ ယောက် ၅ ယောက်ချင်း ကစားနေတဲ့ အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ တစ်ယောက်က ရန်သူကို အာရုံများအောင် မျှားခေါ်လိုက်တဲ့အခါ ကျန်တဲ့ ကိုယ့်ရဲ့ အသင်းသားတွေက ဘယ်လိုလုပ်ကြမလဲ။ အဲ့လိုမျိုးလေးတွေနဲ့ ဆော့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။

Voice : အသင်းတစ်ခု အနေနဲ့ ၅ ယောက် ကစားကြတဲ့အခါ တစ်ယောက်ချင်းစီ ဘာလုပ်မလဲဆိုတဲ့ ဗျူဟာပိုင်းကရော ကိုစိုင်းမောင်အနေနဲ့ ဘယ်လိုထားသလဲ။

SM : ၅ ယောက်တစ်သင်း ကစားကြတဲ့ အခါကျတော့ စနိုက်ပါတွေက လိုတော့လိုတယ်။ အရမ်းကြီး လိုအပ်နေလားဆိုတော့ မဟုတ်ဘူးဗျ။ တအားကြီး ကြမ်းလာတဲ့ အခြေအနေမျိုးဆိုရင် ပစ်ရင် ပုံမှန်ထိနေရင်ပဲ မဆိုးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနိုက်ပါက ရှုံးနေတဲ့ အချိန်မျိုးမှာ ၄၇၅၀ ဆိုတဲ့ ပိုက်ဆံက လိုက်မဲပြီး မဝယ်နိုင်ဘူး။ Terror ဆိုရင် သူ့ရဲ့ AK က ၁၇၀၀ ရှိတယ်။ ဈေးက တစ်ဝက်လောက် ကွာနေတာ။ အဲ့လိုမျိုးတွေ ရှိနေတယ်။ ပိုက်ဆံအပေါ် မူတည်ပြီး ဆော့ရတာ မျိုးလည်းရှိတယ်။ ပြီးရင် မီးခိုးဗုံးတွေ ဝယ်ရတယ်။ မီးဗုံးတွေ၊ မီးခိုးဗုံးတွေ စတဲ့ ဗုံးတွေသုံးပြီး စခန်းတစ်ခုကို ဖောက်ရတာ။ တစ်ယောက်တည်းက ဗုံးတွေပစ်လို့ မရဘူးဗျာ။ ၅ ယောက်ရှိရင် ၅ ယောက်လုံးက စနစ်တကျပစ်ပြီး ဝင်မှ အဆင်ပြေတာ။ 

Voice : တချို့ကျတော့ ခုနပြောသလို မဟုတ်ဘဲ အတင်းဝင်လုံးတာမျိုးတွေ ရှိတယ်။ အဲ့ဒါအပေါ်မှာရော ဘယ်လိုမြင်သလဲ။

SM : လူတစ်ယောက် အမြင်တစ်မျိုးပေါ့။ တချို့တွေကျတော့လည်း အဲ့လိုမျိုး ကစားတာကို သဘောကျတယ်။ တချို့တွေကျတော့လည်း အေးအေးဆေးဆေး တိုက်ချင်တယ်။ တချို့ကျတော့ ဗုံးတွေကို သေသေချာချာပစ်ပြီး စနစ်တကျဖောက်တာ ရှိတယ်။ တကယ့်တကယ်တမ်းကျတော့ ဗုံးတွေကို တစ်ယောက်တစ်နေရာ တွက်ချက်ပစ်ပြီး တက်တာ၊ စခန်းကိုသိမ်းတာ ကျတော့ ပိုပြီးတော့ ကြည့်လို့လည်းကောင်းတယ်။ ပြိုင်ဘက်အသင်း အတွက်လည်း ပိုပြီးတော့ ခက်ခဲတယ်။ 

Voice : စိုင်းမောင်ဆိုတဲ့ သေနတ်သမား ဖြစ်လာဖို့ ဘာတွေ ပေးဆပ်ခဲ့ရလဲ။

SM : ကိုးတန်းလောက်မှာ ပြိုင်ပွဲကနေ ဆုရတယ်။ ၁၀ တန်းရောက်တော့ ဘော်ဒါသွားရတော့ မဆော့ဖြစ်ဘူး။ နောက်ကျတော့ ရေကြောင်းသိပ္ပံ သွားတက်တယ်။ ဆော့လိုက် နားလိုက်ပဲပေါ့။ မိဘတွေကျတော့ နားလည်မှုပေးဖို့ ခက်ခဲတာပေါ့။ အချိန်ဖြုန်းနေတယ်လို့ပဲ သူတို့က သတ်မှတ်ထားတာ။ ဂိမ်းဆိုင်ဆိုရင် အသီးတွေနဲ့ လောင်းကစားကို မြင်ကြတယ်။ သူတို့က သေသေချာချာ မသိဘဲ လောင်းကစား သွားလုပ်တယ်လို့ ထင်နေကြတာ။ အမှန်က အဲ့လိုမဟုတ်ဘူး။ ကျွန်တော်တို့က ကွန်ပျူတာဂိမ်းကို ဆော့တာ။ မနည်းရှင်းပြလိုက်ရတယ်။ 

Voice : ဂိမ်းဆော့လို့ အိမ်က ဒဏ်ပေးခံရတာမျိုး ရှိလား။ ရှိခဲ့ရင်ရော နောက်တွန့်သွားခဲ့သေးလား။

SM : ဂိမ်းဆော့လို့ အိမ်ကမိသွားတော့ ကောင်းကောင်းအရိုက်ခံရတယ်။ အဲ့လိုတုန်းကတော့ ဒီတစ်ခေါက်မိရင် နောက်တစ်ခေါက် မမိအောင် ဘယ်လိုလုပ်ရမလဲပဲ တွေးတယ်။

Voice : Counter ကစားတာကို မူးယစ်ဆေးလိုမျိုး ပိတ်ပင်လာပြီ ဆိုပါစို့။ ကိုစိုင်းမောင် ဘယ်လိုတုံ့ပြန်မလဲ။

SM : အဲ့ဒါတော့ မဖြစ်သေးလို့ မပြောတတ်ဘူး။ သေချာတာကတော့ ခိုးဆော့မှာပဲ။ 

Voice : ပြည်တွင်းမှာ ပြိုင်ပွဲတွေကရော ဘယ်လိုအခြေအနေ ရှိလဲ။

SM : ပြိုင်ပွဲတွေကတော့ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာတယ်။ အရင်ကဆို ဂိမ်းဆိုင်ကလုပ်တဲ့ ပြိုင်ပွဲတွေနဲ့ MICTမှာလုပ်တဲ့ ပြိုင်ပွဲတချို့တော့ ရှိမယ်ဗျာ။ အခုကျတော့ MGF (Myanmar Gaming Festival) ဆိုပြီး သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ လုပ်သွားတာတွေ ရှိတယ်။ အဲ့ဒါမျိုးဆိုပြီး ပြည့်စုံနေတဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ရင်တောင် အဆင့်အတန်းမြင့်တယ်လို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လုပ်သွားတာ။

Voice : အဲ့ဒီ MGF ပြိုင်ပွဲမှာ အဓိကပြိုင်ပွဲက Dota 2 ဖြစ်နေသလားလို့ဗျ။ 

SM : အဓိကပြိုင်ပွဲ အနေနဲ့က Dota 2 လိုမျိုး ဖြစ်သွားတာပေါ့။ မရည်ရွယ်ပေမယ့် ဖြစ်သွားတာပေါ့။ ပြီးတော့ Dota 2 ကျတော့ အခုနောက်ပိုင်းမှာ အရမ်းဆော့ကြတယ်။ အဲ့ဒီဂိမ်းနှစ်ခုက နှိုင်းယှဉ်ရတာ ခက်တယ်ဗျ။ Dota 2 အနေနဲ့က အခမဲ့ဆော့လို့ ရနေတဲ့ အချိန်မှာ ဒီ GO ကကျတော့ တစ်ခုဝယ်မယ်ဆိုရင် ၁၄ ဒသမ ၉၉ ဒေါ်လာပေးနေရတာ။ မြန်မာငွေနဲ့ဆိုရင် ၁၈၀၀၀ လောက် ဖြစ်နေတယ်။ အခမဲ့သွင်းလို့ရတဲ့ ဂိမ်းရယ် ငွေပေးရတဲ့ဂိမ်းရယ် ဆိုတော့။ ဝယ်ပြီးသွားပြီး ဆိုရင်တောင် ကွန်ပျူတာက ရှိသေးတယ်။ Dota 2 အတွက်ဆိုရင် လေးသိန်းလောက်ဆို ကောင်းကောင်းဆော့လို့ ရပြီ။ ဒီ Counter မှာကျတော့ စက်တစ်လုံးကို အနည်းဆုံး ၇ သိန်းလောက်မှ ကောင်းကောင်းဆော့လို့ ရတာ။ အဲ့လိုအခြေအနေမျိုးတွေ အများကြီးရှိတဲ့ အပေါ်မှာ Dota 2 က လူတိုင်းလျှောက်နိုင်တဲ့ အနေအထားဆိုတော့ ပိုပြီးတော့ အောင်မြင်သွားတာပေါ့။

Voice : မြန်မာပြည်မှာ အီလက်ထရွန်နစ် အားကစားလို့ပြောရင် Dota 2 ကို ပိုပြီး ပြေးမြင်ကြတယ်။ သေနတ်သမားတွေ အတွက်ကျတော့ ဘယ်လိုမျိုး အခက်အခဲ ဖြစ်နေလဲဗျ။

SM : ပြိုင်ပွဲရယ်၊ စပွန်ဆာရယ်၊ အဖွဲ့အစည်းတွေ ရယ်ပဲဗျ။ များများရှိလာရင်တော့ အဆင်ပြေသွားမယ် ထင်တယ်။ အဓိကက အင်တာနက်ဗျ။ အင်တာနက်က Dota မှာ Ping 100 မှာ ကောင်းကောင်းဆော့လို့ ရသေးပေမယ့် Counter မှာတော့ မရတော့ဘူးဗျ။ Ping 50 ကနေ 70 လောက်အတွင်း ရှိမှ ဆော့လို့ ရတာ။ အွန်လိုင်းကနေ ပြိုင်ပွဲဝင်ခွင့်အတွက် ပြိုင်ကြရင် Ping 50 ကနေ ၇၀ ကြားရှိမှ ဝင်ခွင့်ပေးတာလေ။

Voice : ဂိမ်းတစ်ခုကို အားကစားတစ်ခုလို့ မမြင်ပေးနိုင်တဲ့ မျိုးဆက်ကလည်း ရှိနေတယ်။ သူတို့ကို ဘာပြောချင်လဲ။

SM : ဂိမ်းတစ်ခုကို အားကစားလို့ မမြင်ပေးနိုင်တဲ့ သူတွေကိုကျတော့ ဟမ္ဘာဂါ မစားဖူးတဲ့သူကို ဟမ္ဘာဂါက ဘာပဲဆိုၿပီး သွားပြောနေရသလို ဖြစ်နေလိမ့်မယ်။ အဲ့ဒါမျိုးကျတော့လည်း သူတို့ကို တမင်သက်သက်ကြီး ပြောနေသလို ဖြစ်နေတယ်။ သေချာမသိတဲ့သူ တစ်ယောက်ကို ရှင်းပြရတာ လက်ပေါက်ကပ်တယ်ဗျ။ သူတို့က လက်မခံချင်ဘူး၊ သေချာမသိတဲ့ သူတစ်ယောက်ကို ကိုယ်က အတင်းကြီး လိုက်ရှင်းပြနေရင်လည်း သူတို့က ငြင်းမှာပဲလေ။ အဲ့ဒါမျိုးကျတော့ ပြောရခက်တယ်။

Voice : နောက်ဆုံးအနေနဲ့ စိုင်းမောင်ဆိုတဲ့ သေနတ်သမားတစ်ယောက် ကျန်တဲ့ဘဝသက်တမ်းကို ဘယ်လိုဖြတ်သန်းသွားမလဲ။

SM : သင်္ဘောလိုက်မယ်။ ဂိမ်းဆော့မယ်ဗျာ။ အခြေအနေပေါ် မူတည်ပြီး စုမိဆောင်းမိ ဖြစ်လာပြီ ဆိုရင် ပြိုင်ပွဲလိုမျိုး လုပ်ပေးမယ့် အဖွဲ့အစည်းမျိုး ထောင်ချင်လည်း ထောင်ဖြစ်မယ်။ ဒီလိုမျိုးဆိုရင် အီလက်ထရွန်နစ် အားကစားသမားတွေ အနေနဲ့ ရပ်တည်နိုင်သွားမယ်။ အသက်ကြီးလာရင်လည်း မဆော့ရင်လည်း မဆော့ဖြစ်တော့ဘူးပေါ့။ မဆော့ဘဲ ထားပစ်ခဲ့ဖို့တော့ မလွယ်ကူဘူးလေ။ အနည်းဆုံးတော့ အိမ်ကနေပဲ ဆော့ရင်လည်း ဆော့နေမှာပေါ့။ မပြောတတ်ဘူးဗျ။ Counter ရှိနေသရွေ့ စိတ်လည်း ရှိနေသရွေတော့ ဆော့ဖြစ်နေဦးမှာပေါ့။ 

မောင်မန်း