News

POST TYPE

IT

ဇီဝဓာတုအကြမ်းဖက်မှုကြောင့် လူပေါင်း သန်း ၃၀ ခန့် တစ်ပြိုင်နက် မျိုးပြုတ်နိုင်ဟုဆို
21-Apr-2017 tagged as နည်းပညာ

လန်ဒန်၊ ဧပြီ ၂၀

ခေတ်သစ်တွင် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်သကဲ့သို့ သေကျေပျက်စီး အဆုံးအရှုံး များစေနိုင်သော ဇီဝဓာတုလက်နက်များဖြင့် တိုက်ခိုက်ခြင်းကြောင့် တစ်ပြိုင်နက်တည်း လူပေါင်း သန်း ၃၀ ခန့် မျိုးပြုတ်ပျက်စီးမှုဘေးကို ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာကျော် Microsoft ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်စ်က ပြောကြားကြောင်း The Telegraph သတင်းတွင် ဖော်ပြထားသည်။

လန်ဒန်မြို့တွင် ကျင်းပသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ RUSI အခမ်းအနားတစ်ခုတွင် ဘီလ်ဂိတ်က အကြမ်းဖက်သမားများသည် စက္ကူသေတ္တာသေးသေးလေး တစ်လုံးဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်သွားနိုင်ကြောင်း ကြိုတင်သတိပေးသွားခဲ့သည်ဟု ယင်းသတင်းက ဆိုသည်။
ယင်းအခမ်းအနားတွင် “ဇီဝဓာတုအကြမ်းဖက်မှုဆိုတာ ကမ္ဘာ့ကပ်ရောဂါ ဘေးထက်တောင် ကြောက်စရာ အကောင်းဆုံး ဖြစ်သွားနိုင်တယ်” ဟု ဘီလ်ဂိတ်စ်က ပြောကြားခဲ့သည်။

ခေတ်သစ်တွင် ကျောက်ရောဂါကဲ့သို့သော ဝေဒနာမျိုးကို အသစ်တစ်ဖန် အဆန်းပြန်ထွင်ပြီး အကြမ်းဖက်သမားများသည် အလွယ်တကူ ဖြန့်ဖြူးတိုက်ခိုက်နိုင်သော ခေတ်ဖြစ်နေသောကြောင့် လူသားများတွင် ကိုယ်ခံအား ကောင်းစေရန် ကြိုတင်ကာကွယ်ထားရုံကလွဲ၍ အခြားနည်းလမ်း မရှိနိုင်ဟု ယင်းကဆိုသည်။

ယခုနှစ် အစောပိုင်းကလည်း ဘီလ်ဂိတ်စစ်သည် မြူးနစ်တွင် ကျင်းပသောပွဲတွင် ကမ္ဘာ့ခေါင်းဆောင်များအား လူသားတို့ မျိုးသုဉ်းပျက်စီးနိုင်မည့် အရေးကို ကြိုတွေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ဖူးသည်။ 

အနာဂတ်တွင် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းနှင့် ပျံ့နှံ့ခြင်း ဆိုသည်မှာ သွေးရိုးသားရိုးကြောင့် မဟုတ်ဘဲ၊ အကြမ်းဖက်သမားများကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ လေကြောင်းကတစ်ဆင့် ဖြန့်လွှင့်လိုက်သည့် မထင်မှတ်သော တိုက်ခိုက်မှုတစ်ခုက တစ်နှစ်အတွင်း လူပေါင်း ၁၀ သန်းခန့် မျိုးပြုတ်သွားနိုင်လိမ့်မည်ဟု သူက ကြိုတင်ပြောကြား သတိပေးခဲ့ဖူးသည်။

မြူးနစ် လုံခြုံရေး ညီလာခံတွင် ဘီလ်ဂိတ်စ်က ဇီဝဓာတုလက်နက်များဖြင့် အကြမ်းဖက်မှု တိုက်ခိုက်မှုအား ဝေဖန်ပြောကြားရာ၌ နျူကလီးယားဗုံးကြောင့် လူသန်း ၁၀၀ သေမည်ဟု သတ်မှတ်လိုက်လျှင် သန်း ၁၀၀ သာ သေဆုံးနိုင်မည် ဖြစ်သော်လည်း၊ ကျောက်ရောဂါလို ရောဂါပိုးများကို ကူးစက်အောင်လုပ်ပြီး တိုက်ခိုက်ခြင်းက သန်း ၁၀၀ မက နောက်ဆက်တွဲအဖြစ် ဒုက္ခရောက်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။