News

POST TYPE

IT

မြန်မာ့သတင်း အချက်အလက် လုံခြုံရေးဈေးကွက် မိုက်ကရိုဆော့ဖ် ဝင်ရောက်
08-Apr-2017 tagged as နည်းပညာ


ရန်ကုန်၊ ဧပြီ ၆

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ်သည် မြန်မာနိုင်ငံ၏ အင်တာနက် သတင်းအချက်အလက် လုံခြုံရေးဈေးကွက်သို့ ဝင်ရောက်လာပြီ ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးအတွက် မိုက်ကရိုဆော့ဖ်၏ ဝန်ဆောင်မှုများကို တပ်ဆင်ပေးရန် အသင့်ရှိနေကြောင်း ယင်းကုမ္ပဏီ၏ ဒီဂျစ်တယ် ရာဇဝတ်မှုများဆိုင်ရာဌာန (အာရှဒေသ)  အကြီးအကဲ Keshav S Dhakad က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် လတ်တလောနှစ်များအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာသည့်အတွက် သတင်းအချက်အလက် လုံခြုံရေး လစ်ဟာချက်များလည်း များပြားလာကြောင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုများလည်း မြင့်တက်လာကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“မြန်မာနိုင်ငံမှာဆိုရင် လှိုင်မြို့နယ်က ဆိုက်ဘာ တိုက်ခိုက်မှု အမြင့်ဆုံး စာရင်းဝင်ပါတယ်”ဟု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ Mr. Keshav က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ရာခိုင်နှုန်း အများအပြားမှာ ငွေရေးကြေးရေးဆိုင်ရာ သတင်း အချက်အလက် ခိုးယူရန် ရည်ရွယ်သည့် တိုက်ခိုက်မှုများဖြစ်ကြောင်း  မိုက်ကရိုဆော့ဖ်၏ စစ်တမ်းများအရ သိရသည်။ 

Mr. Keshav အပါအဝင် မိုက်ကရိုဆော့ဖ်၏ အာရှဒေသဆိုင်ရာ ဌာနအကြီးအကဲအချို့ မတ်လကုန်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် အပါအဝင် အစိုးရ၊ ပုဂ္ဂလိကဘဏ်နှင့် အခြား လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆိုက်ဘာ လုံခြုံရေး ကဏ္ဍနှင့် မိုက်ကရိုဆော့ဖ်က ပေးအပ်နေသည့် ဝန်ဆောင်မှုများအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

မိုက်ကရိုဆော့ဖ်၏ ဝန်ဆောင်မှုများကို အသုံးပြုရာတွင် တက္ကသိုလ်များ၊ ကျောင်းများအတွက် အထူးဈေးနှုန်းဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး အခြားသော လုပ်ငန်းများအတွက်လည်း သက်သာသော ဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိုက်ကရိုဆော့ဖ်ထံ စုံစမ်း သိရှိရသည်။

ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ကွန်ပျူတာစနစ် Windows ကို တီထွင်ပိုင်ဆိုင်သူ မိုက်ကရိုဆော့ဖ်သည်  မြန်မာ့နည်းပညာဈေးကွက်သို့ ကဏ္ဍစုံမှ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၆ ခုနှစ်အတွင်းက တရားဝင် ဖွင့်လှစ်ခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်း ထိပ်တန်း နည်းပညာဆိုင်ရာ ကုမ္ပဏီ KMD၊ စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ကမ္ဘောဇ၊ ရွှေတောင် ကုမ္ပဏီတို့နှင့်  သတင်း အချက်အလက်နှင့် နည်းပညာပိုင်း ကဏ္ဍများတွင် မိုက်ကရိုဆော့ဖ်က ပူးပေါင်း လုပ်ကိုင်လျက်ရှိသည်။