News

POST TYPE

IT

Phoewa Science တည်ထောင်သူ မောင်ကောင်းထက်ထွန်းနှင့် တွေ့ဆုံခြင်း
04-Apr-2017 tagged as နည်းပညာ

ပြည်တွင်းနည်းပညာနယ်ပယ်၌ လူငယ်ပညာရှင်များက Software ထုတ်ကုန်များအပြင် Hardware ထုတ်ကုန်များကိုလည်း တီထွင်ထုတ်လုပ်မှုများ လုပ်ဆောင်နေကြသည်။ သို့သော်လည်း Hardware ထုတ်ကုန်များ စမ်းသပ်တီထွင်သည့် လူငယ်များအနေနှင့် လက်တွေ့လုပ်ဆောင်နိုင်သည့် Lab များ နည်းပါးခြင်း၊ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ခက်ခဲခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အထောက်အပံ့ပေးမှု နည်းပါးခြင်းများကြောင့် အခက်အခဲများကြားမှ ရုန်းကန်ကြိုးစားနေကြရသည်။ ယင်းအခြေအနေတွင် Arduino နည်းပညာ ထုတ်ကုန်များကို စမ်းသပ်တီထွင်နေသည့် ကျောင်းသားလူငယ်များကလည်း လိုအပ်သည့်ပစ္စည်းများကို မုန့်ဖိုးငွေမှ စိုက်ထုတ်ကာ စမ်းသပ်တီထွင်မှုများ လုပ်ဆောင်နေရသည်။ နည်းပညာတီထွင်မှုများ လုပ်ဆောင်နေသည့် လူငယ်များ၏ အခက်အခဲများနှင့် လက်ရှိတီထွင်နေမှု အခြေအနေများကို နည်းပညာတီထွင်မှုများ ပြုလုပ်နေသည့် Phoewa Science တည်ထောင်သူ မောင်ကောင်းထက်ထွန်းနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ဧပြီလ ၁ ရက်နေ့မှာ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာလည်း Arduino နေ့ ပွဲကျင်းပခဲ့တယ်လို့ သိရတယ်ဗျ။ ဒီပွဲမှာ ဘယ်လိုနည်းပညာတွေ ပြသခဲ့သလဲ။

KHT : ဟုတ်ကဲ့ဗျ။ ဒီနှစ် Arduino Day ကို Kanaung Hub, MICT Park မှာ ဧပြီ ၁ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ကျင်းပပေးဖြစ်ခဲ့တာပါ။ ဒုတိယအကြိမ်မြောက်လို့ ပြောလို့ရတယ်၊ မနှစ်ကလည်း Arduino Day မတိုင်ခင် တစ်လအလိုမှာ Kananung Hub မှာပဲ Arduino Event ကျင်းပဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ Arduino အခြေခံထားတဲ့ Project တွေ လာရောက်ပြသပေးဖို့ ဖိတ်ခေါ်ထားလို့ ချင်းတွင်းကောလိပ်နဲ့ နည်းပညာတက္ကသိုလ်တွေက လူငယ်တွေ Project လာပြကြပါတယ်။ Air Pressure Sensor, Alcohol Gas Sensor နဲ့ Ultrasonic Sensor တွေကို Main Components အဖြစ် အသုံးပြုထားတဲ့ Car Safety System, Ultrasonic Radar, Finger Print,Voting System စတဲ့ နည်းပညာတွေကို ချင်းတွင်းကောလိပ် ကျောင်းသားတွေက ပြပေးခဲ့ကြပြီး 7Segment နဲ့ အားကစားပွဲတွေမှာ အမှတ်ပြစနစ်ကို Arduino အခြေပြု ပြုလုပ်ထားတဲ့ Project နဲ့ Bluetooth Control AC Lights Project တွေကို TU ကျောင်းသားတချို့က ပြသပေးခဲ့ပါတယ်။ Arduino Day ရဲ့ Organizer တစ်ဦးဖြစ်တဲ့ Yangon Binarhaus ကလည်း 3D Printer, Robot Arm, Fruit Piano Project စမ်းသပ်ပြခဲ့ပါတယ်။

Voice : လူငယ်တွေကို အဖွဲ့လေးတွေ ဖွဲ့ပေးပြီး သင်တန်းပေးတာနဲ့ Arduino နေ့ ပြပွဲမှာလည်း ပြိုင်ပွဲလုပ်ပေးတယ်လို့ သိရတယ်ဗျ။ အဲ့ဒါလည်း ပြောပေးပါဦး။

KHT : ပွဲနေ့မတိုင်ခင် တစ်ပတ်အလိုမှာ ၃ ရက်တာ သင်တန်း Bootcamp တစ်ခုကို FOSS Myanmar, Phoewa Science နဲ့ Yangon Binarhaus က သင်ပေးဖြစ်ခဲ့တယ်ဗျ။ Arduino Based Project တွေကို စိတ်ဝင်စားပြီး Project တစ်ခုခုလုပ်ဖို့ စိတ်ကူးရှိတဲ့သူတွေ အစပျိုးနိုင်အောင် Programming Basic, Electronic Basic နဲ့ လက်တွေ့ Project တွေ သင်ပေးဖြစ်ခဲ့တယ်။ သင်တန်းသား အယောက် ၅၀ ထိ ရှိခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းအားလုံးကို တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့ပါတယ်။ ပွဲနေ့ နေ့ခင်းပိုင်းမှာတော့ တစ်နာရီအတွင်း အပြီးပြုလုပ်ရမယ့် One Hour Project ပြိုင်ပွဲကို စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်မလောက်ခဲ့လို့ ပြိုင်ပွဲကို အပြီးမသတ်နိုင်ဘဲ ဆက်လက်ပါဝင်ယှဉ်ပြိုင်လိုသူတွေကို FOSS Myanmar က ပထမဆု ဒေါ်လာ ၁၀၀ ထိ ချီးမြှင့်မယ့် ပြိုင်ပွဲတစ်ခုကို စီစဉ်ထားပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ ကိုယ့် Project ရဲ့ Demonstration Video, Photo တွေနဲ့ Descriptionကို ရေးပြီး ပေးပို့ရမှာပါ၊ Project ကို Open Source ပေးဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ အသေးစိတ် ဆက်ကြေညာပေးပါ့မယ်။

Voice : မြန်မာနိုင်ငံမှာ ဒီ Arduino ကို လူငယ်တွေ ဘယ်လောက်အထိ စိတ်ဝင်စားမှု ရှိသလဲ။ သင်တန်းရော၊ ပြပွဲ၊ ပြိုင်ပွဲတွေပါ လုပ်ပေးခဲ့တယ်ဆိုတော့ ဒီအတွေ့အကြုံကို ပြောပြပေးပါဦး။

KHT : ဒီနှစ်ပိုင်းတွေမှာ စိတ်ဝင်စားမှု အတော်မြင့်တက်လာတယ်လို့ ပြောလို့ရတယ်ဗျ။ နည်းပညာကျောင်းတွေ အနေနဲ့လည်း ကျောင်းသားတွေကို လက်တွေ့ Project တွေ လုပ်ခိုင်းလာတယ်။ အရင်ကဆို ဒီလိုအားပေးမှုတွေ မရှိတော့ စိတ်ဝင်စားမှု လုံးဝမရှိဘူးဆိုတဲ့ အနေအထားမှာရှိတယ်။ သင်တန်းပေးဖြစ်တော့ တက္ကသိုလ်အတော်များများရဲ့ စာမေးပွဲကာလ ဖြစ်နေလို့ နောက်ထပ်ဖွင့်ပေးဖို့ ပြောကြတာတွေ ရှိတယ်။ ကျွန်တော်တို့ Phoewa Science အနေနဲ့ ဖေဖော်ဝါရီလတုန်းက ဟင်္သာတ TU Barcamp မှာ Two Days Short Course ပေးဖြစ်ခဲ့ပါတယ်။ ဇွန်လကုန်ပိုင်းမှာလည်း ကျောက်ပန်းတောင်း TU မှာ ရက်တိုသင်တန်းဖွင့်ပေးဖို့ ရှိပါသေးတယ်။

Voice : ကျောင်းသားလူငယ်တွေ အတွက်ကတော့ တချို့ UIT လို၊ UCSY လို ကျောင်းကြီးတွေမှာတော့ Lab တွေရှိတယ်။ ကျန်တဲ့ကျောင်းတွေနဲ့ အပြင်က လူငယ်တွေ အတွက်ကျတော့ ဒီလို Lab တွေ နည်းနေဦးမလားဗျ။

KHT : ကျန်တဲ့ကျောင်းတွေနဲ့ အပြင်လူငယ်တွေအတွက် Lab တွေ နည်းတယ်ဆိုတာထက် မရှိသလောက်ပဲလို့ ပြောလို့ရတယ်ဗျ။ လောလောဆယ် FOSS Myanmar က ဦးဆောင်ဖွင့်လှစ်မယ့် MakerSpace တစ်ခု ရှိပါမယ်။ 3D Printer အပါအဝင် လိုအပ်တဲ့ပစ္စည်းတွေ အတော်များများ ထောက်ပံ့ပေးထားပြီး Hardware development အတွက် စမ်းသပ်လေ့လာနိုင်ပါမယ်။ တခြားကျောင်းတွေ ဥပမာ- နည်းပညာတက္ကသိုလ်တွေက စိတ်ဝင်စားသူ လူငယ်တွေ စုစည်းပြီး ကိုယ်ပိုင် Lab တွေ စတင်ဖို့ အားပေးချင်ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ကူညီပေးပါ့မယ်။

Voice : လက်ရှိပြည်တွင်းမှာ လုပ်နေတဲ့ အဖွဲ့တွေလည်း တချို့တော့ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ကို မေးမြန်းကြည့်တဲ့အခါ ပြဿနာက လိုအပ်တဲ့ ပစ္စည်းတွေ အလွယ်တကူ ဝယ်လို့မရနိုင်တာမျိုး ရှိတယ်ပြောတယ်ဗျ။ အဲ့ဒါကရော ဘယ်လိုမျိုးလဲ။

KHT : အထူးသဖြင့်တော့ အဲဒီပြဿနာက နယ်ဘက်တွေမှာ ပိုဖြစ်မယ် ပြောလို့ရတယ်ဗျ။ Sensor တွေ၊ Module တွေလို ဆက်စပ်ပစ္စည်းတွေက ဝယ်လို့ရနေတဲ့ အချိန်မှာ IC တွေ၊ Regulator တွေလို အသေးအမွှား ပစ္စည်းလေးတွေက ဝယ်လို့ခက်နေပြန်ရော။ လက်တွေ့ Project တစ်ခုမှာ ကျန်တာအားလုံး ပြည့်စုံနေပေမယ့် IC တစ်ခုထဲ လိုနေလို့ ပြည်ပကနေကို အရေအတွက်များများ မှာပစ်ခဲ့ရတဲ့ ကိစ္စမျိုးတွေလည်း ကြုံဖူးပါတယ်။

Voice : ဒီပစ္စည်းတွေကို နိုင်ငံခြားကမှာရတယ်။ ကျောင်းသားလူငယ်တစ်ယောက် အနေနဲ့ နိုင်ငံခြားကနေ မှာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကိုယ်လိုအပ်တဲ့ ပစ္စည်းကို ဒီမှာ အလွယ်တကူ ဝယ်နိုင်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက စီစဉ်ပေးဖို့ လိုအပ်မလား။ 

KHT : ဟုတ်ကဲ့ဗျ။ နိုင်ငံခြားက မှာရတယ် ဆိုတာကတော့ ခက်ခဲတာ အမှန်ပါပဲ။ ကျောင်းသားလူငယ်တစ်ယောက် အနေနဲ့  ပြည်ပကနေ မှာမယ်ဆိုရင် Shipping Fees ပေးရတာမျိုးတွေရှိလို့ ဈေးများနိုင်တာရယ်၊ အရေအတွက်နည်းတဲ့အတွက် ကာလကြာတာမျိုး ဥပမာ - ဒေါ်လာ ၁၀၀ နဲ့အထက မှာတာမျိုးမှ DHL နဲ့ ပို့ပေးတာမျိုးတွေ ရှိတတ်တယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေက စီစဉ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

Voice : ပြင်ပအရောင်းဆိုင်တွေ အနေနဲ့ရော ဘယ်လောက်ရှိမလဲ။

KHT : ဒါလည်း လက်ချိုးရေလို့ရတယ် ပြောရမယ်။ ရန်ကုန်မှာဆို ၃ ဆိုင်လောက် ရှိမယ်။ မန္တလေးမှာလည်း အဲ့လောက်ပါပဲ။

Voice : မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCFင်္) တို့၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့လိုမျိုး အသင်းတွေ ရှိတယ်။ ဒီအသင်းတွေကရော ပြည်တွင်းက တီထွင်မှုတွေ လုပ်နေတဲ့ လူငယ်တွေအတွက် ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်သလဲဗျ။

KHT : MCPA ကနေတော့ Arduino နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ Event တွေ စီစဉ်မယ်လို့ သိရတယ်ဗျ။ ဒီထက်ပိုပြီး ပစ္စည်းအထောက်အပံ့ပါ ပေးနိုင်ရင်တော့ တီထွင်နေကြတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုများလာမယ်လို့ ထင်မိပါတယ်။

Voice : ညီလေး အရင်ကလည်း Team Unlocker ဆိုတဲ့ အဖွဲ့အနေနဲ့ အမှိုက်သိမ်းတဲ့ စက်ရုပ်ကို လုပ်ခဲ့သေးတယ်နော်။ အဲ့ဒီဟာက ဘယ်လိုဆက်လုပ်ဖို့ ရှိမလဲ။

KHT : Cleaning Bot က အမှိုက်သိမ်းတဲ့ လုပ်ငန်းအတွက်ပါ။ လက်တွေ့နယ်ပယ်မှာ အသုံးဝင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ တော်တော်စဉ်းစားရမယ်။ ကုန်ကျစရိတ်၊ အကြမ်းခံနိုင်မှု စသဖြင့်ပေါ့။ တကယ်အသုံးဝင်နိုင်ဖို့ ဆိုရင်တော့ အများကြီး လုပ်ရဦးမှာပါ။ လောလောဆယ်မှာတော့ ဒီနည်းပညာကို လူငယ်တွေ ပိုပြီး စိတ်ဝင်စားလာဖို့ပဲ ရည်ရွယ်ပြီး Robot Kit တစ်ခုရယ်၊ Digital & Analog Embedded System ကို လေ့လာနိုင်ဖို့ Clock Kit တစ်ခုရယ် လုပ်ထားတာ ရှိပါသေးတယ်။

Voice : တီထွင်ဖန်တီးမှုတွေကို လက်တွေ့အသုံးချနိုင်တဲ့ဆီအထိ သွားဖို့ဆိုရင် ဘာတွေပြင်ဆင်ဖို့ လိုဦးမလဲ။

KHT : အဓိကက နည်းပညာ လိုအပ်ချက်နဲ့ ဈေးနှုန်းပါပဲ။ ပြီးတော့ ခုနက ပြောသလို အကြမ်းခံနိုင်မှုရယ်ပေါ့။ လက်ရှိအထိ တီထွင်ဖန်တီးမှုတွေက Prototype အဆင့်မှာပဲ ရပ်နေသေးပြီး စီးပွားဖြစ် Product အဆင့် ထုတ်လုပ်နိုင်ဖို့ဆိုရင် အထောက်အပံ့တွေ အများကြီး လိုအပ်နေပါသေးတယ်။ လောလောဆယ်တော့ ကိုယ်တိုင်ဖန်တီးမှုတွေက အိမ်တွင်းအသေးသုံးပစ္စည်း အဖြစ်တော့ အဆင်ပြေနေပါတယ်။ လက်ရှိမှာ တကယ်လက်တွေ့သုံးနိုင်မယ့် ဈေးနှုန်းလည်းသက်သာတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

Voice : အခုအချိန်မှာက Arduinoလို နည်းပညာတွေကို မိတ်ဆက်နေတုန်း အဆင့်လို့ ပြောနိုင်မလား။ ဒီနည်းပညာတွေကို လူငယ်တွေ ပိုပြီး ထိတွေ့နိုင်အောင် ဘယ်လိုအထောက်အပံ့တွေ လိုအပ်မလဲ။

KHT : မိတ်ဆက်နေတုန်း အဆင့်လို့ပဲ ပြောရမှာပါ။ တခြားနိုင်ငံတွေမှာ Arduino Based Project တွေနဲ့ Raspberry Pi အသုံးပြု Project တွေကို အလယ်တန်းအဆင့် ကျောင်းသားတွေ ကိုယ်တိုင်က  လက်တွေ့လုပ်ဆောင်နေတဲ့အချိန်မှာ ပြည်တွင်းမှာတော့ တက္ကသိုလ်အဆင့် ကျောင်းသားတွေက စတင် လေ့လာနေရတုန်း ဖြစ်နေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ 3 Days bootcamp မှာတုန်းကလည်း ဆယ်တန်းအောင်ခါစ ကျောင်းသားတွေအထိ သင်တန်းကို ဖိတ်ခေါ်ခဲ့တာပါ။ နောင်မှာ မူလတန်းနဲ့ အလယ်တန်းအဆင့် ကလေးတွေကို တီထွင်မှုပိုင်း ဝါသနာ ပါလာစေဖို့နဲ့ Programming logic သင်ကြားပေးဖို့အတွက် S4A (Scratch for Arduino) လို Software တွေ သုံးပြီး မိတ်ဆက်ပေးဖို့ လုပ်နေပါတယ်။ မိတ်ဆက်အဆင့် ဆိုတာကနေ တက်လာဖို့က ကိုယ်နဲ့ ဝါသနာတူသူတွေ စုဖွဲ့ဖို့ရယ်၊ ကိုယ့်ကို လက်တွဲခေါ်မယ့် ဆရာတွေဆီက အတွေ့အကြုံတွေ ပညာတွေ ရယူဖို့ရယ်၊ ကိုယ်တိုင်ကလည်း ပြန်လည်ဝေမျှ ပေးနေဖို့ရယ် လိုအပ်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ပြည်တွင်းက ဒီလိုနည်းပညာပိုင်း တီထွင်နေတဲ့ လူငယ်တွေကို ဘာတွေအကြံပေးဖို့ ရှိမလဲဗျ။

KHT : ကျွန်တော်တို့ စတင်လေ့လာတုန်းက ပစ္စည်းဝယ်ရ ခက်ခဲခဲ့လို့ လက်တွေ့စမ်းသပ်တဲ့အပိုင်း နှောင့်နှေးတာတွေ ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော်ကလည်း နယ်ကဆိုတော့ မန္တလေးတို့ ရန်ကုန်တို့ရောက်မှ လိုက်ရှာပြီး ဝယ်ခဲ့ရတာ။ ကျောင်းတက်နေချိန်ကာလ ဖြစ်လို့ လိုအပ်တာတွေ အကုန်လုံး ကိုယ့်မုန့်ဖိုးနဲ့ စုပြီး ဝယ်ခဲ့ရတယ်။ ခုချိန်လို သင်တန်းတွေ Lab တွေက ထောက်ပံ့ပေးတာမျိုး ရှိနေချိန်မှာ ရတုန်းယူထားကြပါ၊ လေ့လာကြပါ။ နယ်ဘက်က ကျောင်းသား၊ ကျောင်းသူတွေလည်း ဝါသနာတူ သူငယ်ချင်းတွေ စုပြီး Lab ပုံစံမျိုး ထောင်ပေးဖို့ ကျောင်းကို တင်ပြတာမျိုး လုပ်ကြပါ။ ကိုယ်တိုင်လည်း အင်တာနက်ကနေ Instructable လိုမျိုး Website တွေမှာ လေ့လာပြီး လက်တွေ့စမ်းသပ်မှုတွေ လုပ်ကြပါ။ Embedded System ပိုင်းမှာလည်း နည်းပညာတွေက တိုးတက်တာ အရမ်းမြန်နေပြီး ကျွန်တော်တို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အချိန်ရတုန်းမှာ ကျောင်းတက်နေစဉ် ကတည်းက လေ့လာစမ်းသပ်ထားကြဖို့ တိုက်တွန်းလိုပါတယ်။

မောင်မန်း