News

POST TYPE

IT

ခြင်မှဖြစ်ပွားသည့် ကူးစက်ရောဂါများကို စမတ်ဖုန်းဖြင့် စစ်ဆေးနိုင်မည်
02-Apr-2017 tagged as နည်းပညာ

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်၊ လစ်ဗာမိုးရှိ Sandia National Lab မှ သုတေသီများသည် ကျန်းမာရေး လုပ်သားများကို ခြင်မှဖြစ်ပွားစေတတ်သည့် Zika, Dengue, Chikungunya စသည့် ရောဂါများအား စမတ်ဖုန်းများဖြင့် စစ်ဆေးနိုင်မည့် နည်းများကို တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

ယင်းသုတေသနဌာနမှ ပညာရှင်များသည် LAMP ဟုခေါ်သည့် ဆေးသေတ္တာလေး တစ်ခုကို တီထွင်ခဲ့ပြီး သေတ္တာအတွင်း ထည့်သွင်းထားသော 3D ပရင်တာဖြင့် ပုံစံထုတ်ထားသည့် ခွက်လေးများထဲသို့ စစ်ဆေးမည့် သူ၏ သွေးနမူနာ အနည်းငယ်ကိုထည့်ကာ စမတ်ဖုန်းဖြင့် ချိတ်ဆက်ပြီး ခြင်ကဖြစ်ပွားသည့် ရောဂါများ ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

ခြင်မှဖြစ်ပွားသည့် ရောဂါများ ရှိ၊ မရှိကို စစ်ဆေးမည့် ပစ္စည်းတစ်စုံတန်ဖိုးမှာ ဒေါ်လာ ၁၀၀ ခန့်သာ ကျသင့်ပြီး သံသယရှိသူထံမှာ တံတွေး၊ ဆီးနှင့် သွေးများကို ပုံစံခွက်ထဲ ထည့်သွင်းစေပြီး စစ်ဆေးနိုင်မည်ဖြစ်ကာ လူတစ်ဦးလျှင် စစ်ဆေးခအဖြစ် ဒေါ်လာ ၂၀ ခန့်သာ ကျသင့်မည် ဖြစ်သည်။ 

စမတ်ဖုန်းများ လူတိုင်းကိုင်ဆောင်လာနိုင်ခြင်းနှင့် ရောဂါဝေဒနာ စစ်ဆေးစမ်းသပ်နည်းများကို စမတ်ဖုန်း အခြေခံဆော့ဖ်ဝဲများ တီထွင်ပေးလာနိုင်ခြင်းက အလွယ်တကူ အဖြေရှာပြီး အချိန်မီ ကုသမှုများကို လုပ်ဆောင်ပေးလာနိုင်ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဒေါ်လာ ၂၀၀၀၀ ခန့် အကုန်အကျခံပြီးမှ အဖြေထုတ်နိုင်မည့် စက်များကို တည်ဆောက်ရခြင်းထက်၊ အချိန်မရွေး နေရာမရွေး လူတိုင်း အဖြေရှာနိုင်သည့်ခေတ်ကို ရောက်လာပြီ ဖြစ်ကြောင်း တီထွင်သူများက ပြောကြားသည်။

Sandia သုတေသနအဖွဲ့မှ ရောဘတ်မက်ဟာ ဦးဆောင်သော ပညာရှင်အဖွဲ့သည် LAMP ဟု အမည်ပေးထားသော ခြင်မှဖြစ်ပွားသည့် ရောဂါစမ်းသပ်ရေး သေတ္တာကို နှစ်ပေါင်းများစွာ စမ်းသပ်တီထွင်ခဲ့ရပြီး မကြာမီ ဈေးကွက်တင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။