News

POST TYPE

IT

လှေကားများကို တက်နိုင်မည့် ဝှီးချဲ တီထွင်
02-Apr-2017 tagged as နည်းပညာ

လမ်းမလျှောက်နိုင်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲကို အသုံးပြုနေရသူများ အနေနှင့် ၂၀၁၈ ခုနှစ်က စတင်ပြီး လှေကားများကို အလွယ်တကူကိုယ်တိုင် အတက်အဆင်း ပြုလုပ်နိုင်မည့် ဝှီးချဲ (wheelchair) တစ်မျိုးကို တီထွင်ခဲ့ကြောင်း Science ဂျာနယ်သတင်းတွင် ဖော်ပြထားသည်။

Scewo ဟု အမည်ပေးထားသည့် ဝှီးချဲများ၏ ဘီးများကို ရော်ဘာအထိန်းများဖြင့် ပြုလုပ်ထားပြီး လှေကားများ အတက်အဆင်းကို ကုတ်အားအထိန်းများ သုံးကာ ဖြည်းဖြည်းချင်း ဆင်းသက်နိုင်စေရန် စီစဉ်ထားကြောင်း ယင်းသတင်းက ဆိုသည်။

ယင်းပရောဂျက်ကို Swiss Federal Institute of Technology တက္ကသိုလ်နှင့် Zurich University of the Arts  တက္ကသိုလ်များမှ Master တန်း တက်နေကြသည့် ကျောင်းသားငါးဦးက ပူးပေါင်းတီထွင်ခဲ့ကြခြင်း ဖြစ်သည်။

နည်းပညာနှင့် အနုပညာ ကျောင်းသားများသည် Scalevo ဟု အမည်ပေးထားသည့် ရှေ့ပြေးနမူနာ ပုံစံပေါ်တွင် အခြေခံပြီး တီထွင်ထားခြင်းဖြစ်ကာ ရှေ့ပြေးပုံစံကိုလည်း ကျောင်းသားများကပင် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

တီထွင်သူကျောင်းသားများက ဝှီးချဲကို Scewo ဟု အမည်ပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ်တွင် ဈေးကွက်တင်နိုင်သည်အထိ ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

ဝှီးချဲပေါ်တွင် ဂိမ်းကစားရာ၌ အသုံးပြုရသည့် joystick ကို ထည့်သွင်းပေးထားပြီး အတက်အဆင်း ထိန်းချုပ်မှုများကို လွယ်ကူစွာ လှည့်ပတ်ပေးရုံဖြင့် လုပ်ဆောင်နိုင်ကြောင်း၊ ဝှီးချဲကို လှုပ်ရှားမှု ပုံစံအမျိုးမျိုး ထိန်းချုပ်လုပ်ဆောင်ခိုင်းနိုင်ကြောင်း၊ အတက်အဆင်းသာမက ပတ်ဝန်းကျင် အနေအထားနှင့် အဆင်ပြေစေမည့် အနိမ့်အမြင့်ကအစ မိမိတို့ ကြိုက်သလို မော်တာစွမ်းအားဖြင့် မောင်းနှင်အသုံးပြုနိုင်ကြောင်း တီထွင်သူများက ပြောကြားသည်။

ယင်းပရောဂျက်ကို ၂၀၁၄ ခုနှစ်ကတည်းက ကျောင်းသားများ တီထွင်လုပ်ဆောင်နေခြင်း ဖြစ်ပြီး Patreon ကုမ္ပဏီက ငွေကြေးများကို ထောက်ပံ့ကူညီပေးခဲ့သည်။ 

Scewo ဝှီးချဲများကို ဘတ်စ်ကားများပေါ် အတက်အဆင်းလုပ်ခြင်း၊ ပလက်ဖောင်းများပေါ်တွင် အတက်အဆင်းလုပ်ခြင်း အားလုံးကိုပါ မိမိတစ်ဦးတည်းက လုပ်ဆောင်နိုင်တော့မည် ဖြစ်ကာ မသန်စွမ်းသူများအတွက် အထူးတီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။