News

POST TYPE

IT

သမ္မတ အိုဘားမားထံ Facebook ကတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်မည်
12-Aug-2016
ဝါရှင်တန်၊ သြဂုတ် ၁၁

အမေရိကန်ပြည်ထောင်စုမှ သမ္မတ အိုဘားမားနှင့် ဆက်သွယ်လိုသူတိုင်းသည် နာမည်ကျော် ဆိုရှယ်မီဒီယာတစ်ခု ဖြစ်သည့် Facebook ကတစ်ဆင့် ဆိုရှယ်ကွန်ရက် Messenger ကို အသုံးပြုကာ တိုက်ရိုက်ဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း Huffington Post သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အိုဘားမားနှင့် ဆက်သွယ်ခွင့်ကို ပြည်သူများ တိုက်ရိုက်ရရှိနိုင်ရန်အတွက် ဆိုရှယ်မီဒီယာ Facebook သည် အကောင်းဆုံးဖြစ်သဖြင့် ဤသို့ လမ်းဖွင့်ပေးရခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယခင်ကလည်း သမ္မတများထံ တိုက်ရိုက်စာများ ပေးပို့နိုင်သည့် အစီအစဉ်များကို ပြုလုပ်ထားကြောင်း၊ သောမတ်စ်ဂျက်ဖာဆင် လက်ထက်ကတည်းက ထိုအစီအစဉ်ရှိကြောင်း အိမ်ဖြူတော်က သတင်းမီဒီယာကို ထုတ်ပြန်ပြောကြားသည်။ 

ယခုအခါ Facebook မှ Messenger စနစ်ကို အသုံးပြုနေသူပေါင်း သန်း ၉၀၀ ကျော် ရှိလာပြီ ဖြစ်သောကြောင့် အိုဘားမားနှင့် အမြန်ဆုံး ဆက်သွယ်နိုင်ရေးအတွက် ယင်းစနစ်ကို အသုံးပြုနိုင်ရန် လမ်းဖွင့်ပေးခြင်း ဖြစ်သည်။

“ဒီအချိန်မှာ သမ္မတနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူးဗျ။ ခုချိန်မှာတော့ နည်းပညာ တိုးတက်လာတာကြောင့် သမ္မတဆီကို အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ပြီးတော့ ပို့ချင်တဲ့ စာတွေကို ပို့နိုင်ပြီ။ သူ့ဆီကို တကယ့်ကိုယ့်သူငယ်ချင်းနဲ့ ဆက်သွယ်ပြီး စာပို့ရသလိုကို ပို့နိုင်ပြီ” ဟု အိမ်ဖြူတော်မှ ဒစ်ဂျစ်တယ်ဌာန အကြီးအကဲ ဂျေဆန်ဂိုးမန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဂိုးမန်းသည် အိမ်ဖြူတော်၏ စီမံဒါရိုက်တာတစ်ဦးဖြစ်သူ ယောရှူမီးလ်လားနှင့်အတူ သမ္မတ၏ Facebook Messeenger ထဲသို့ ဝင်ရောက်လာသည့် စာများကို စိစစ်ကာ သမ္မတထံ အမြန်ဆုံး တင်ပြပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သမ္မတ အိုဘားမားထံ စာပို့လိုသူများသည် ပထမဆုံး အိမ်ဖြူတော်၏ chat box ကို ဖွင့်ရမည်ဖြစ်ပြီး ယင်းနေရာကတစ်ဆင့် စာရိုက်ပို့ရမည်ဖြစ်သည်။ ပထမဆုံး chat box ကို ဖွင့်လိုက်ပြီးနောက် အိမ်ဖြူတော်က နှုတ်ခွန်းဆက်စကားကို လက်ခံရရှိလျှင် Let’s go! ဆိုသည့် စာပေါ်လာမှ မိမိရေးသားလိုသည့် စာများကို box အတွင်း ရိုက်ထည့်ကာ သမ္မတတထံ ယင်းစာကို ပေးပို့နိုင်မည်ဖြစ်သည်။ စာပို့ရန် send ကို နှိပ်ပြီးလျှင် သမ္မတ၏ အိမ်ဖြူတော် စာပေးစာယူ ဌာနမှ လုပ်ထုံးလုပ်နည်းအတိုင်း သမ္မတထံ စာရောက်သွားမည် ဖြစ်ကြောင်း ဂိုးမန်းက ပြောကြားသည်။