News

POST TYPE

IT

Facebook က စိတ်ကိုဖတ်နိုင်သည့်စက် ဧပြီလတွင် ဖော်ထုတ်မည်
26-Mar-2017 tagged as Facebook

မာ့ခ်ဇပ်ကာဘတ်သည် လူတစ်ဦး၏ ဦးနှောက်ကို ထိုးဖောက်ပြီး သိမြင်နိုင်သည့် စနစ်တစ်ခုကို တီထွင်နေပြီး လာမည့် ဧပြီလတွင် ထုတ်ဖော်လိမ့်မည်ဆိုသည့် သတင်းကို Business Insider သတင်းတွင် ဖော်ပြထားသည်။

Brain-computer Interface ဆိုသည့် စနစ်ကို လာမည့် ဧပြီလတွင် Facebook ၌ ထည့်သွင်းပြီး အချင်းချင်း စိတ်ဖြင့်ဆက်သွယ်နိုင်မှု မည်မျှအထိ ရှိနိုင်သည်ကို လေ့လာရန် ပြင်ဆင်နေကြကြောင်း ယင်းသတင်းက ဆိုသည်။

Facebook တွင် “Buliding 8” ဆိုသည့် အထူးအဖွဲ့သည် စိတ်ဖတ်နိုင်စွမ်းစနစ်ကို တီထွင်လျက်ရှိပြီး ကင်မရာများက တစ်ဆင့် မိမိတို့ ရုပ်သွင်များကိုပြပြီး စိတ်စိတ်ချင်း ဆက်သွယ်မှုကို မည်မျှအထိ ခရီးရောက်နိုင်ကြောင်း လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

Facebook ကို ထူထောင်သူ မာ့ခ်ဇပ်ကာဘတ် ကိုယ်တိုင်က Building 8 အဖွဲ့သည် ဆန်ဖရန်စစ္စကိုမြို့၊ မန်လိုပါ့ခ်တွင် အခြေစိုက်ပြီး တီထွင်မှုများကို လုပ်ဆောင်နေကာ လာမည့် Developer Conference တွင် ဖော်ထုတ်ပြသနိုင်လိမ့်မည်ဟု ကြေညာထားသည်။

စိတ်ကို စိတ်ဖြင့် ဆက်သွယ်နိုင်မည့် ကြားခံပစ္စည်း တစ်ခုခုသည် မကြာမီ ပေါ်ထွက်လာနိုင်ရန် အကြောင်းရှိနေသည်ဟု Business Insider သတင်းတွင် ရေးသားထားသည်။

ဇပ်ကာဘတ် ဖော်ဆောင်နေသည့် စိတ်ဖတ်စက် သဘောတရားသည် Facebook တွင် အသုံးပြုလာနိုင်ပါက ဆေးပညာလောကမှာပင် ဆော့ဖ်ဝဲတစ်ခု အနေနှင့် ပေါ်ပေါက်လာစရာ အကြောင်းရှိပြီး၊ တယ်လီပသီနည်း ဆိုသည်မှာ နည်းပညာဖြင့် ဖော်ထုတ်လျှင် မရနိုင်စရာ အကြောင်းမရှိဆိုသော သူ၏ ပြောကြားချက်ကိုပါ သက်သေပြနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဇပ်ကာဘတ်က “တစ်နေ့မှာ ကျွန်တော်တို့ဟာ နည်းပညာကို အသုံးပြုပြီး တစ်ဦးရဲ့ အတွေးတွေကို တစ်ဦးဆီ ပို့နိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့ဖူးသည်။ သူက တစ်ဦး၏ စိတ်ကူးကို တစ်ဦးက လှမ်းပို့ပြီး လက်တွေ့လုပ်ဆောင်ပေးနိုင်သော ခေတ်ကိုရောက်ရှိမည်ဟု ယုံကြည်နေသူတစ်ဦး ဖြစ်သည်။