News

POST TYPE

IT

လူမှုကွန်ရက်တွေပေါ်မှာ လုံခြုံအောင်ဘယ်လိုနေမလဲ
21-Mar-2017 tagged as နည်းပညာ Facebook

မြန်မာနိုင်ငံမှာ ဖေ့ဘွတ်လို လူမှုကွန်ရက်တွေကို အသုံးပြုမှုက အလွန်မြင့်တက်လာနေပါတယ်။ ကောင်းတဲ့အချက်တွေ ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိနေတာပါပဲ။ လူမှုကွန်ရက်တွေကို လုံးဝမစွန့်ခွာနိုင်ရင်တော့ ဘယ်လိုလုံခြုံအောင်နေကြမလဲ ဆိုတာ စဉ်းစားဖို့ ရှိပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ကိုယ်တင်ထားတဲ့ ပုံတွေကိုယူပြီး အလွဲသုံးတာ၊ ကိုယ့်အကြောင်း မမှန်သတင်းလွှင့်တာ စတဲ့ တိုက်ခိုက်မှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့အတွက် လူမှုကွန်ရက်တွေပေါ်မှာ ဘယ်လိုလုံခြုံအောင် နေရမလဲဆိုတဲ့ Social Time ဝက်ဘ်ဆိုက်ရဲ့ အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ်မသိတဲ့ သူတွေကို မိတ်ဆွေအဖြစ် လက်မခံပါနဲ့

ယေဘုယျအားဖြင့် ကိုယ်နဲ့ ရင်းနှီးသိကျွမ်းတဲ့ သူတွေက ကိုယ့်အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကိုတော့ မလုပ်နိုင်ပါဘူး။ ကိုယ်နဲ့မသိတဲ့လူတွေက ကိုယ့်ရန်သူတွေ ဖြစ်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဓာတ်ပုံတစ်ပုံကိုပဲယူပြီး အလွဲသုံးလိုက်မယ် ဆိုရင်တောင် ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပါတယ်။ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း Friend Only လုပ်ထားဖို့ Social Time က အကြံပြုထားပါတယ်။

ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့အလုပ်ကို ကိုယ်စားပြုတယ်

လူမှုကွန်ရက်တစ်ခုပေါ်မှာ ကိုယ်ရေးအချက်အလက် အမှန်ပေးထားတဲ့သူ တစ်ယောက်အနေနဲ့ လူမှုကွန်ရက် အသုံးပြုမှုဟာ ကိုယ်တစ်ယောက်တည်းအပြင် ကိုယ့်ရဲ့အလုပ်ကိုပါ ကိုယ်စားပြုပါတယ်။ ရိုင်းပျတဲ့ အပြုအမူတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီကုမ္ပဏီက ဒီဝန်ထမ်းက ရိုင်းပျနေတယ်ဆိုရင် ကိုယ့်အတွက်ရော အလုပ်အတွက်ပါ မကောင်းပါဘူး။ အလုပ်ရှင်ကလည်း နှစ်မြို့မယ် မထင်ဘူး။ ကိုယ့်ရဲ့ အပြုအမူတွေက ကိုယ့်ကို သူတစ်ပါး ရန်ငြိုးဖွဲ့နိုင်တယ်ဆိုတာ မမေ့ဖို့ အကြံပြုပါတယ်။

လျှို့ဝှက်သင့်တာကို လျှို့ဝှက်ပါ

လူမှုကွန်ရက်မှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှု စတဲ့ အသေးစိတ် အချက်အလက်တွေကို တင်နေတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ တကယ့်အစစ်အမှန် အသုံးပြုသူတွေကလည်း ဒါတွေကို လိုလားမှာ မဟုတ်ပါဘူး။ 

ကိုယ့်ရဲ့ အသေးစိတ် အချက်အလက်တွေကို သိချင်နေတဲ့သူတွေက ကိုယ့်ကိုခြေရာခံ လိုက်နေတဲ့  သူတွေပါပဲ။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်ဖို့က ရာခိုင်နှုန်းနည်းပါတယ်။ ကိုယ့်ကို တစ်ခုခု ကြံစည်နေတဲ့သူကို ကိုယ့်အကြောင်းတွေ အကုန်ဖွင့်ပြောချင်မှာတော့ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ပုဂ္ဂလိက အချက်အလက်တွေကို ထိန်းသိမ်းထားပါ

ကိုယ်တစ်ယောက်ပဲ သိသင့်တဲ့ ပုဂ္ဂလိက အချက်အလက်တွေကို ထိန်းသိမ်းထားပါ။ ဥပမာ- ဘဏ်အကောင့်နံပါတ်ကို အလွယ်မှတ်တာမျိုးကို Only Me နဲ့ပဲ တင်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အလွယ်မလုပ်တာ အကောင်းဆုံးပါပဲ။

ဘဏ်အကောင့်ထက် ပိုအရေးကြီးတဲ့ ပုဂ္ဂလိက အချက်အလက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ ကိုယ်တစ်ယောက်ပဲ သိသင့်တဲ့ အချက်အလက်တွေကို လူမှုကွန်ရက်ပေါ် မတင်သင့်ပါဘူးလို့ Social Time က အကြံပြုထားပါတယ်။

မသိတဲ့သူတွေနဲ့ စကားမပြောပါနဲ့

ဘယ်သူမှန်း မသိတဲ့သူတွေ ပို့လာတဲ့ မက်ဆေ့ခ်ျတွေကို မပြန်ဖို့ Social Time က အကြံပြုထားပါတယ်။ ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုအထိ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ့်ရဲ့အကောင့်ကို သူတစ်ပါးဆီ မပေးလိုက်ချင်ဘူး မဟုတ်လား။

ဆိုက်ဘာတိုက်ခိုက်မှု မဟုတ်ရင်တော့ ကိုယ်မသိတဲ့သူက စကားလာပြောတာဟာ ကောင်းတဲ့ ရည်ရွယ်ချက်ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ အကျိုးမဲ့ အချိန်ကုန်စေသလို အန္တရာယ်ကလည်း လက်တစ်ကမ်းမှာပါ။ အွန်လိုင်းကနေတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရဖို့ ဖြစ်နိုင်ပါတယ်။

အကောင့်တိုင်းကို သီးခြား Password ထားပါ 

တချို့က Password ကို အလွယ်လုပ်ပြီး တစ်မျိုးတည်းပဲ သုံးတတ်ပါတယ်။ ဒါဟာ မလုံခြုံပါဘူး။ ကိုယ့်အကောင့်ကို ဖောက်ထွင်းခံရဖို့ ပိုပြီးနီးစပ်နိုင်ပါတယ်။ ကိုယ့်အကောင့်ကို ဖောက်ထွင်းခံရပြီ ဆိုရင်တော့ လူမှုကွန်ရက်ပေါ်မှာ ရစရာ မရှိအောင် ဖြစ်ပြီမှတ်ပါတော့။ ဖောက်ထွင်းသူက ကိုယ့်အကောင့်ကို စိတ်ကြိုက်ဖျက်ဆီးသွားပါလိမ့်မယ်။ Social Tim ကတော့ အထက်ပါအချက်တွေကို အကြံပြုထားပါတယ်။ ဒါဟာ လိုက်နာရတာ လွယ်ကူရိုးရှင်းပြီး တကယ်ကို အသုံးဝင်တဲ့ အချက်တွေပါ။ သိပြီးဖြစ်နေပေမယ့် မလိုက်နာမိသေးတဲ့ အချက်တွေလည်း ဖြစ်နိုင်တာကြောင့် ဖော်ပြလိုက်ပါတယ်။