POST TYPE

IT

စက္ကူပေါ်တွင် သွေးအမျိုးအစား စစ်ဆေးခြင်းကို စက္ကန့် ၃၀ အတွင်း အဖြေထုတ်ပေးမည်
20-Mar-2017 tagged as ကျန်းမာရေး

ဘေဂျင်း၊ မတ် ၁၉

လူနာ၏ သွေးအမျိုးအစား စစ်ဆေးခြင်းကို အထူးတီထွင်ထားသည့် စက္ကူပေါ်သို့ သွေးစက်အား တင်ပေးလိုက်ပြီး စက္ကန့် ၃၀ အတွင်း အဖြေထုတ်နိုင်ကာ၊ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ တိကျမှန်ကန်မှု ရှိကြောင်း New Scientist သတင်းတွင် ဖော်ပြထားသည်။

အသက်ကယ်ရန် အရေးပေါ်သွေးကို စစ်ဆေးရသည့် အချိန်အား ကြာမြင့်ခြင်း မရှိစေရန် A, B, AB သို့မဟုတ် O သွေးအမျိုးအစားများကို ချက်ချင်းအဖြေထုတ်ပေးနိုင်တော့မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

စက္ကူဖြင့် စစ်ဆေးခြင်းတွင် ကျွမ်းကျင်အဆင့် သွေးစစ်ဆေးပေးမည့်သူများ မလိုဘဲ အဆင့်နှစ်ဆင့်လောက်ဖြင့် စက္ကန့် ၃၀ အတွင်း အဖြေထွက်နိုင်စေရန် တီထွင်ထားကြောင်း ပညာရှင်များက ပြောကြားသည်။

သေရေးရှင်ရေး ဖြစ်နေသည့် အချိန်များတွင် O သွေးကို အသက်ကယ်သွေးအဖြစ် အသုံးပြုနေကြရသည့် ဘေးဒုက္ခမှ လွတ်မြောက်စေရန်အတွက် ပညာရှင်များက အမြန်ဆုံး အဖြေရရှိနိုင်စေရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

သွေးအုပ်စုတိုင်းတွင် သက်ဆိုင်ရာ ပဋိဇာတ်ခေါ် (Antigens) များ ပါဝင်ကြောင်း၊ လိုအပ်သည့် antigens များကို မဖြည့်ဆည်းပေးနိုင်လျှင် အသက်ဆုံးရှုံးနိုင်ကြောင်း၊ O ကို သွေးတိုင်းအတွက် အစားထိုး အသုံးပြုနေရသည်မှာလည်း အခက်အခဲတစ်ခု ဖြစ်နေကြောင်း New Scientistတွင် ရေးသားထားသည်။

တရုတ်နိုင်ငံ၊ အမှတ် ၃ စစ်ဆေးတက္ကသိုလ်မှ တီထွင်သူ ဒေါက်တာဟောင်ဇန်းက စစ်မြေပြင်လို နေရာမျိုး၊ ကျေးလက်ခေါင်သည့် ဒေသမျိုးများတွင် သွေးအမျိုးအစားများကို စစ်ဆေးရန် အခက်အခဲရှိနိုင်ကြောင်း၊ အရေးပေါ် သွေးလိုအပ်မှုကို အမြန်ဆုံး အဖြေရှာနိုင်ရေးသည် အရေးကြီးသောကြောင့် တီထွင်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

တိကျသည့် အဖြေကို သိရလျှင် သွေးအစားထိုးရန် မဖြစ်နိုင်သည့်တိုင် ဓာတုသွေးရည်ကြည်များကို အစားထိုး ကုသပေးထားနိုင်ရန် စီစဉ်ထားပြီး လူနာပေါင်း ၃၅၅၀ ကို စမ်းသပ်ခဲ့ရာတွင် ရလဒ်ကောင်းမွန်ခဲ့ကြောင်း ဟောင်ဇန်းက ဆိုသည်။

စက္ကူပေါ်တွင် စမ်းသပ်ရန် အုပ်စုခွဲထားသည့် အစင်းလိုင်းလေးများပါပြီး သူ့အုပ်စုလိုက် တူညီသည့် သွေးအမျိုးအစားများကို အသိအမှတ်ပြုကာ အဖြေထုတ်ပေးနိုင်သည့်အတွက် ချက်ချင်းသွေးစစ်ဆေးနိုင်သည့်စနစ် ဖြစ်လာခဲ့ရကြောင်း Science Translational Medicine ဂျာနယ်တွင်လည်း ရေးသားထားသည်။