POST TYPE

IT

Lapinta Tech ကုမ္ပဏီကို စွန့်ဦးတည်ထောင်သူ မပိုးဖြူသဲနှင့် တွေ့ဆုံခြင်း
14-Mar-2017 tagged as နည်းပညာ

ပြည်တွင်း၌ လူငယ်နည်းပညာသမားများက ကိုယ်ပိုင်စွန့်ဦးလုပ်ငန်းများ ထူထောင်ပြီး လုပ်ငန်းလုပ်ကိုင်လာကြသည်။ အောင်မြင်သူများ ရှိသလို ကျရှုံးသူများလည်း ရှိသည်။ စတင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေသူများလည်း ရှိပေသည်။ လူငယ်ပညာရှင်များ၏ စိတ်ကူးအကြံအစည်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အတွက် ဖန်တီးရာက Founder Institute Program ကို ပြုလုပ်ခဲ့သည် ပရောဂျက်ကာလအတွင်း လူငယ်များ၏ စိတ်ကူးများကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် အတွေ့အကြုံများ ပေးနိုင်ရန် ပြည်တွင်းနည်းပညာ လုပ်ငန်းခွင်အတွင်း ရပ်တည်နေသည့် ပညာရှင်များက ကြီးကြပ်မှုများ၊ လမ်းညွှန်မှုများ ပေးခဲ့သည်။ ယင်းတို့အနက် Lapinta Tech ကုမ္ပဏီကို စွန့်ဦးတည်ထောင်သူ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) စတုတ္ထနှစ်ကျောင်းသူ မပိုးဖြူသဲနှင့် တွေ့ဆုံပြီး Founder Institute တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့် စွန့်ဦးလုပ်ငန်း လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ဖန်တီးရာက ပြုလုပ်ပေးတဲ့ Founder Institute Program မှာ ညီမအနေနဲ့ ဆုရထားတယ်လို့ သိရတယ်ဗျ။ ဒီအစီအစဉ်က ဘယ်လိုမျိုးလဲ ဆိုတာနဲ့ ရရှိခဲ့တဲ့ ဆုကို ပထမဆုံး ပြောပြပေးပါ။ 

PPT : Founder Institute Program ဆိုတာကတော့ အမေရိကန်နိုင်ငံ၊ စီလီကွန်ဗယ်လီက တိုက်ရိုက်ချမှတ်တဲ့ အစီအစဉ်ပါ။ ဒီ program က ဘယ်လိုမျိုးသွားလဲဆိုရင် ပရောဂျက်ကာလက ၃ လခွဲပေါ့နော်။ အဲ့ဒီ ၃ လခွဲ အတွင်းမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ စိတ်ကူးရှိတဲ့ လူငယ်တွေ၊ တီထွင်ဆန်းသစ်မှုတွေ လုပ်ချင်တဲ့ လူငယ်တွေ အားလုံးကို ၃ လကျော် အတွင်းမှာ ကုမ္ပဏီထောင်ဖြစ်သွားအောင်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုကို စဖြစ်သွားအောင် သူက ဆွဲခေါ်သွားပေးတာပါ။ ညီမ ရရှိခဲ့တဲ့ဆုက Demo Day ရဲ့The Best Founder Institute “Pitch of the day” ပေါ့နော်။ Demo Day ဆိုတာကတော့ မြန်မာနိုင်ငံမှာ ပထမအကြိမ် ကျင်းပတာဖြစ်ပြီး တကယ်ကို ရင်းနှီးမြှုပ်နှံချင်သူတွေ၊ ကြီးကြပ်သူတွေရဲ့ ရှေ့မှာ ကိုယ့်ရဲ့ စိတ်ကူးက ဘယ်လိုပါ၊ လက်ရှိလုပ်နေတဲ့ လုပ်ငန်းအစီအစဉ်တွေက ဒါတွေပါဆိုပြီး အခင်းအကျင်းကို ပြရတာ။ ညီမတို့ ပြောရတာကတော့ သုံးမိနစ်စာပါ။ အဲ့ဒီသုံးမိနစ်မှာ ဒိုင်လုပ်တဲ့သူက ၈ ယောက်လောက် ရှိမယ်။ အဲ့ဒီဒိုင် ၈ယောက်က ညီမတို့ကို အမှတ်ပြန်ပေးတာပေါ့။ 

Voice : ဆိုတော့ ဒီ Founder Institute ကနေ ဆုလည်း ရရှိခဲ့တယ်။ ဒီဟာရဲ့ အကျိုးဆက်အနေနဲ့ ရှေ့ကို ဘယ်လိုဆက်သွားလို့ရမလဲ။ 

PPT : ဆုရသွားပြီးတဲ့ နောက်မှာတော့ ရင်းနှီးမြှုပ်နှံချင်သူတွေ အနေနဲ့ သတိထားမိသွားတယ်။ ခု စီးပွားရေးလုပ်မယ့် စိတ်ကူးကိုလည်း သူတို့စိတ်ဝင်စားကြတယ်။ အခွင့်အရေးတချို့လည်း ရရှိတာပေါ့နော်။

Voice : ကိုယ်ပိုင်လုပ်ငန်းတစ်ခု စနိုင်တဲ့အထိ ဆွဲခေါ်ပေးသွားတဲ့ အစီအစဉ်လို့ ပြောတော့ အဲ့ဒါက ဘယ်လိုပုံစံမျိုး အထောက်အပံ့ ပေးတာလဲ။ 

PPT : ငွေကြေးအားဖြင့်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ တာဝန်ယူရတာပေါ့။ Founder Institute တက်နေတဲ့ သူတွေကပဲ ကုမ္ပဏီထောင်တဲ့ ကုန်ကျမှုတွေကအစ ထုတ်ရတာ။ ဘာကူညီပေးသလဲ ဆိုတော့ တစ်ပတ်ကို သင်တန်းတစ်ရက် ရှိမယ်။ အဲ့ဒီတစ်ရက်မှာ ကြီးကြပ်သူတွေ အထူးသဖြင့် လတ်တလော အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပေးတယ်။ တစ်ပါတ်မှာ အနည်းဆုံး သုံးယောက် ဖြစ်တယ် ညီမတို့မှာက Round 1 နဲ့ Round 2 ရှိတယ်။ Round 1 မှာ ဆိုရင်တော့ ကြီးကြပ်သူတွေက ၆ ယောက်၊ ၈ ယောက် စသည်ဖြင့် ရှိတယ်။ ပုံမှန်အပါတ်စဉ်မှာတော့ ကြီးကြပ်သူ ၃ ယောက်နဲ့ သင်တန်းသားတွေနဲ့ပေါ့။ အပတ်စဉ် ကြီးကြပ်သူတွေ ရှေ့ကို ထွက်ပြီး Pitch ပြောရတယ်။ တစ်မိနစ်အတွင်းမှာ ကိုယ့်ရဲ့ စိတ်ကူးကဘာလဲ၊ လုပ်ငန်းစဉ်ကဘာလဲ ဆိုတဲ့ အချက်တွေကို ထိမိအောင် ပြောရတယ်။ ပြောပြီးလို့ရှိရင် ကြီးကြပ်သူတွေက အမှတ်ပေးတယ်။ ၄ မှတ် နဲ့ ၅ မှတ်ဆိုရင် ကောင်းတယ်။ ၃ မှတ်ပေးတာတော့ မရှိဘူး။ ၁ မှတ် ၂ မှတ် ဆိုရင်တော့ ထပ်ကြိုးစားဖို့ လိုသေးတယ်ပေါ့။ အဲ့ဒီအစီအစဉ်ပြီးရင် ကြီးကြပ်သူတွေက သူတို့ရဲ့ စိတ်ကူးတွေ၊ သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေပေးတယ်။ ပြီးရင် အမေးအဖြေ အစီအစဉ်တွေ ရှိတယ်။

Voice : ဆိုတော့ သူတို့က လုပ်ငန်းတစ်ခု စတင်နိုင်ဖို့အတွက် ငွေကြေးအားဖြင့် သို့မဟုတ် နေရာအားဖြင့် ထောက်ပံ့ပေးတာမျိုး မဟုတ်ဘဲနဲ့ လုပ်ငန်းစတင်နိုင်ဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးတဲ့ သဘောပေါ့။

PPT : ဟုတ်ကဲ့ရှင့်။ လုပ်ဖြစ်သွားအောင် နောက်ကနေ တွန်းအားပေးတယ်။ လမ်းညွှန်မှု ပေးတယ်ပေါ့။ ဒီလိုအထောက်အပံ့တွေ ပေးတာပါ။ ဒီဟာကို တက်ပြီးတဲ့အချိန်မှာ ညီမဆိုရင် လူအများရှေ့မှာ စကားပြောရတဲ့အခါ အခက်အခဲ မရှိတော့ဘူး။ အဲ့ဒါကတော့ သိသိသာသာ တက်လာတယ်။ ဒီကာလမှာ စင်ပေါ်တက်ပြီးတော့ ပြောချင်လည်းပြော၊ မပြောချင်လည်း ပြောရတာကိုး။ နောက်ပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း အရင်ကထက် ပြတ်သားမှုတွေ ရှိလာတယ်။ တိုးတက်တာတွေကတော့ အများကြီးပဲ။ စိတ်ဖိအားတွေကလည်း အများကြီးပါပဲ။

Voice : ဒီဟာနဲ့ ပတ်သက်ပြီးတော့ပေါ့။ ခုန ရင်းနှီးမြှုပ်နှံသူနဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အလမ်းကရော ဘယ်လောက်ပိုရလာနိုင်မလဲ။ 

PPT : ကိုယ့်ဘာသာကိုယ် လုပ်နေတာထက် စာရင်တော့ ဒီလိုမျိုး အစီအစဉ်တွေမှာ ပါဝင်လိုက်တာနဲ့ အခွင့်အလမ်းကတော့ ပိုသွားတယ်ပေါ့နော်။ ၈၀ ရာခိုင်နှုန်းလောက် အထိကို တက်မယ်ထင်တယ်။ ဒီ Founder Institute က ပေးတဲ့ ကြီးကြပ်မှုနဲ့ ရင်းနှီး မြှုပ်နှံသူတွေရဲ့ အဝန်းအဝိုင်းက ကျယ်ပြန့်တယ်။ 

Voice : ကိုယ်ပိုင်စွန့်ဦးလုပ်ငန်းလုပ်တဲ့ နေရာမှာ မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပေါ့။ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံသူဆီက ရင်းနှီးမြှုပ်နှံမှုကို ယူတဲ့နေရာမှာ ကိုယ့်ရဲ့ စွန့်ဦးလုပ်ငန်းကို ဝါးမျိုမခံရအောင် ဘယ်လိုအချက်တွေ သတိထားသင့်သလဲ။ 

PPT : ဝါးမျိုမခံရအောင် ဘယ်လိုသတိထားသင့်သလဲ ဆိုတော့။ အဓိကကတော့ အင်အားကြီးတဲ့ အရာက အင်အားနည်းတဲ့အရာကို သိမ်းလိုက်တာကတော့ သဘာဝပဲလို့ ညီမ မြင်တယ်။ ဘယ်လိုလုပ်သင့်သလဲ ဆိုတော့ သူတို့ဝင်လာတဲ့အခါမှာ ညီမတို့အားသာတာ ဘာလဲပေါ့။ ကိုယ်က တခြားလုပ်ငန်းထက်ကို အားကောင်းပြီး ပြိုင်ဘက်ကင်းနေတဲ့ စိတ်ကူးမျိုး ရှိရမယ်။ ဒီလိုမျိုး အလွယ်တကူ မပျက်သွားနိုင်တာမျိုးပေါ့။ နောက်ပြီးတော့ ဒီလုပ်ငန်းကို ကိုယ်က တကယ်လုပ်ချင်တာလား ဆိုတာကို စဉ်းစားရမယ်။ နောက်တစ်ခုက စွန့်ဦးလုပ်ငန်းလုပ်တဲ့ လူငယ်တွေက နတ်သမီးပုံပြင်တွေကို တော်တော်လေးယုံကြတယ်။ သူတို့ကိုယ် သူတို့လည်း Steve Jobs, Mark Zuckerberg တို့လို ထင်ကြတယ်။ တကယ်တမ်းကျတော့ အဲ့ဒီလို မဟုတ်ဘူး။ ကိုယ်ဘယ်အလုပ်ကို လုပ်ချင်နေလဲ၊ အဲ့ဒါကိုလုပ်ရင်း ဒီအလုပ်ကို ချစ်လို့ကို လုပ်နေတာ ဖြစ်တဲ့အတွက် အဲ့ဒီအလုပ်မှာ ပထမအဆင့် ပျော်မယ်။ နောက်တစ်ဆင့်က အဲ့ဒီအလုပ်မှာ တော်ရမယ်။ ငွေကြေးနဲ့ အောင်မြင်မှုနောက်ကို လိုက်တာထက် ကိုယ်က ဒီအလုပ်ကို ပျော်လို့လုပ်နေတယ် ဆိုတာက ပိုပြီးကောင်းတယ်။

Voice : ဒီ Founder Institute က ပေးတဲ့ အတွေ့အကြုံတွေအရ စွန့်ဦးလုပ်ငန်းတစ်ခု စတင်ဖို့ဆိုရင် ဘယ်လိုအဆင့်တွေကို ကျော်ဖြတ်ဖို့လိုမလဲ။ 

PPT : Founder Institute မှာ Round 1  နဲ့ Round 2 ဆိုပြီး ရှိတယ်။ Round 1  ကတော့ စိတ်ကူးကို တည်ဆောက်တဲ့အဆင့်ပေါ့။ ဒီ အစီအစဉ် ၃ လကျော်ကာလအတွင်းက ပထမလမှာ ကိုယ်စတင်မယ့် လုပ်ငန်းကို အတည်ဖြစ်အောင် ဈေးကွက်သုတေသနတွေမျိုးစုံ လုပ်ခိုင်းတယ်။ လုပ်ချင်တဲ့ စိတ်ကူးတွေက အများကြီးထဲကမှ လတ်တလော ဈေးကွက်မှာ အဆင်ပြေနိုင်ဆုံး ဆိုတာကို သုတေသနရလဒ်အရ လုပ်တယ်။ ဒုတိယ တစ်လမှာကျတော့ စိတ်ကူးက အတည်ဖြစ်ပြီးသား။ အကောင်အထည်ဖော်တဲ့အဆင့် ရောက်သွားတာပေါ့။ ဒုတိယ တစ်လပြီးရင် Round 2 ကို ရောက်ပြီ။ အဲ့ဒီမှာတော့ ကိုယ့်ရဲ့ စိတ်ကူးကိုပဲ ချပြတာ မဟုတ်ဘဲနဲ့ ကိုယ်ဘာတွေ လုပ်နေလဲ၊ ကုမ္ပဏီတွေက ဘာတွေတိုးတက်နေပြီလဲ ဆိုတာကို ပြရပြီ။ ပထမအဆင့်ဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ကူးကို အတည်ပြုတဲ့ နေရာမှာ ဈေးကွက်လေ့လာမှုတွေကို အသေအချာ လုပ်ခိုင်းတယ်။ ညီမတို့ဆို ဒီ Founder Institute ကို စတဲ့အချိန်မှာ စိတ်ကူးက နှစ်ခု၊ သုံးခုရှိတယ်။ ဒီအထဲက ဈေးကွက်လေ့လာမှုကို အသေအချာ လုပ်လိုက်တဲ့အခါ ဘယ်ဟာကိုလုပ်မလဲ။ အကောင်းဆုံးစိတ်ကူး တစ်ခုကို ယူထားတာပေါ့။

Voice : Founder Institute က မြန်မာနိုင်ငံမှာဆိုရင် ပထမဆုံးပေါ့။ ဒီမှာ အဖွဲ့အားဖြင့်ဆိုရင် ဘယ်နှဖွဲ့လောက် တက်သလဲ။ 

PPT : Founder Institute က စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာအောင် ငွေကြေးအားဖြင့် ထောက်ပံ့တာမျိုးတော့ မဟုတ်ဘူး။ နေရာအားဖြင့် အမြဲတမ်း ထောက်ပံ့တာလည်း မဟုတ်ဘူး။ အဓိကအားဖြင့် လုပ်ဖြစ်သွားအောင် တွန်းအားပေးတယ်။ ကြီးကြပ်သူတွေနဲ့ လမ်းညွှန်ပြသတာတွေ လုပ်ပေးတယ်။ သူ့ရဲ့ တန်ဖိုးကိုက အဲ့ဒါပဲ။ အဲ့အတွက် စိတ်ဖိအားတော့ အတော်ကြီးကို ရှိတယ်။ အစပိုင်း ညီမတို့ စတက်ချိန်မှာ ၂၅ ဖွဲ့ ဝန်းကျင်လောက် ရှိတယ်။ နောက်ပိုင်း နောက်ဆုံးအဆင့်မှာ ဆိုရင် ၇ ဖွဲ့ပဲကျန်တော့တယ်။ 

Voice : ၂၅ ဖွဲ့မှာ နောက်ဆုံး ၇ ဖွဲ့ပဲ ကျန်တယ်ပေါ့။ ဒီအဖွဲ့ ၇ ဖွဲ့ရဲ့ စိတ်ကူးတွေကရော ဘယ်လိုအပိုင်းကို သွားနေသလဲ။ ဆိုလိုတာက မြန်မာပြည်က စွန့်ဦးလုပ်ငန်းလုပ်မယ့် သူတွေကို ဘယ်အပိုင်းတွေကို စိတ်ဝင်စားနေသလဲပေါ့။ 

PPT :  အခုလတ်တလော ညီမတို့ လုပ်နေတာတွေက ခေါင်းစဉ်တစ်ခုကို သွားနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ညီမဆိုရင် E-Commerce Market ပေါ်မှာ အလှကုန်ပစ္စည်းတွေပေါ့။ ဒါတွေကို တခြားထက် ထူးခြားအောင် ဘာတွေလုပ်နိုင်မလဲ ဆိုတာမျိုးတော့ ရှိတယ်။ နောက်တစ်ယောက်ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ ဘယ်လို ကြိုတင် စာရင်းပေးမလဲဆိုတာ လုပ်နေတယ်။ နောက်တစ်ခုက ရန်ကုန်မှာ ရှိနေတဲ့ Gym တွေမှာ အကုန်သွားဆော့ လို့ရမယ်။ နောက် အစားအသောက်၊ တိရစ္ဆာန်တွေကိုကို ဘယ်လိုကုသမလဲပေါ့ အဲ့ဒါတွေလုပ်နေတယ်။ 

Voice : ဆိုလိုတာက ဒီမှာလာပြီး လုပ်နေတဲ့ စိတ်ကူးတွေ အကုန်လုံးက နည်းပညာ အခြေပြု စိတ်ကူးတွေပဲပေါ့။ 

PPT : အကုန်လုံးကတော့ နည်းပညာ အခြေပြု လုပ်ငန်းတွေချည်းပဲ။ 

Voice : နောက်ဆုံးအနေနဲ့ သက်မွေးနည်းပညာကျောင်းတွေလို့ ဆိုမလားဗျ။ ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာ တက္ကသိုလ်တွေက ကျောင်းသားတွေအနေနဲ့ လုပ်ငန်းခွင်နဲ့ ချိတ်ဆက်နိုင်ဖို့ဆိုရင် ဘာတွေပြင်ဆင်ဖို့ လိုမလဲဗျ။ 

PPT :  ကျောင်းသားတွေ အနေနဲ့ဆိုရင် ညီမပြောချင်တာက ကျောင်းတက်နေရင်းနဲ့ပဲ တစ်ဖက်မှာ အလုပ်လုပ်လိုက်စေချင်တယ်။ အဲ့ဒီလို အလုပ်လုပ်လိုက်ခြင်းအားဖြင့် ဒီကျောင်းက ပညာရပ်တွေက ဘယ်လိုအသုံးဝင်နေတာလဲ ဆိုတာကို သေသေချာချာကို မြင်လာမယ်။ မြင်လာတဲ့အခါကျတော့ ငါတို့တော့ ဒီကျောင်းမှာ ဘယ်အပိုင်းကို ပိုပြီးဝါသနာပါတယ်၊ ဒီအပိုင်းကတော့ လက်တွေ့မှာ ပိုပြီးတော့ အကျိုးထူးတယ် ဆိုတာတွေကို ခွဲခြားလာနိုင်လိမ့်မယ် ထင်တယ်။ ဒါကတော့ အကြံပေးတာပါ။

မောင်မန်း