News

POST TYPE

IT

အပူဒဏ်ကြောင့် ရောက်လာမည့် လူနာများကို ကုသပေးနိုင်ရန် ဆေးရုံများ ပြင်ဆင်ထားရေး ညွှန်ကြား
11-Mar-2017 tagged as ကျန်းမာရေး

ရာသီအကူးအပြောင်းကာလတွင် အပူချိန် တဖြည်းဖြည်း မြင့်လာသဖြင့် အပူကြောင့် နာမကျန်းဖြစ်၍ ဆေးရုံရောက်လာမည့် လူနာများကို ကုသပေး နိုင်ရေး ဆေးရုံများကို ပြင်ဆင်ထားရန် မတ်လ ၉ ရက်နေ့မှစ၍ ညွှန်ကြားထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။

ယခင်နှစ် နွေရာသီက အယ်နီညိုကြောင့် အပူချိန်များစွာ မြင့်တက်ခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း အပူချိန်ပိုမြင့်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက  ခန့်မှန်းထားသည့်အတွက် ပြည်သူများကို  ရာသီဥတု ပူပြင်းမှုနှင့် ပတ်သက်၍ အသိပညာပေးမှုများ လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နေပူထဲတွင် အလုပ်လုပ်သူများ အနေနှင့် မကြာခဏ အနားယူပေးရန်၊ မော်တော်ယာဉ် မောင်းသူများနှင့် ငါးဖမ်းသမားများ နေပူတွင် အလုပ်လုပ်စဉ် သတိထားနေထိုင်ရန်၊ ရေများများသောက်ရန်၊ အပြင်ထွက်မည် ဆိုပါက ဦးထုပ်နှင့် ထီးဆောင်းရန်၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ရေမချိုးရန် ၎င်းက သတိပေး ပြောကြားသည်။

“နေပူထဲက ပြန်လာလာချင်း ရေခဲရေ၊ အအေးတို့တွေ ချက်ချင်းမသောက်သင့်ဘူး။ ခန္ဓာကိုယ် အပူချိန် ထိန်းညှိမှုစနစ် ရုတ်တရက်ချို့ယွင်းပြီး အပူရှပ်တာ၊ အပူလွန်ကဲတာ ဖြစ်တတ်တယ်။ အန္တရာယ်ရှိတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

အပူပိုင်းဒေသများ ဖြစ်သည့် မန္တလေး၊ မကွေး၊ မုံရွာနှင့် ပခုက္ကူတို့တွင် အပူရှပ်လူနာ များလေ့ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။