POST TYPE

IT

ကြားဖြတ်ရွေးကောက်ပွဲအတွက် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ ဖြန့်ဝေ
11-Mar-2017 tagged as App

ရန်ကုန်၊ မတ် ၁၀

လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်များအနေနှင့် သတင်းအချက်အလက်များ သိရှိနိုင်ရန်အတွက် မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲတစ်ခုကိုဖန်တီးကာ ဖြန့်ဝေထားကြောင်း The Asia Foundation ထံမှ သိရသည်။ 

အဆိုပါဆော့ဖ်ဝဲကို မဲပေးစို့ (Let’s Vote) ဟု အမည်ပေးထားပြီး မဲဆန္ဒရှင်များ သိသင့်သိထိုက်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပတ်သက်သည့်  အချက်အလက်များ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ဆန္ဒမဲ ပေးခြင်းကိစ္စများကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကာ ဖုန်းဖြင့် အလွယ်တကူ အသုံးပြုနိုင်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းမှ အစီအစဉ်နှင့် အစိုးရဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးအရာရှိ ဒေါ်မီကီကျော်မြင့်က ဆိုသည်။ 

ယင်းဆော့ဖ်ဝဲကို လူမှုကွန်ရက်အပြင် www.maepaysoh.org  အင်တာနက်စာမျက်နှာနှင့် Google play Store, Apple Store တို့မှတစ်ဆင့် အခမဲ့ ဖြန့်ဝေထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါဆော့ဖ်ဝဲတွင် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရှာဖွေကြည့်ရှုနိုင်သည့်အပြင် ပါတီနှင့် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ နောက်ခံအချက်အလက်များကိုလည်း ရှာဖွေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် ပြည်သူလူထု၏ ၇၆ ရာခိုင်နှုန်းက ဥပဒေများကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များက ပြဋ္ဌာန်းကြောင်း မသိရှိကြသလို ၁၂ ရာခိုင်နှုန်းက နိုင်ငံတော်သမ္မတကို ပြည်သူ့လွှတ်တော်ကသာ ရွေးကောက် တင်မြှောက်သည်ဟု သိနားလည်ထားကြောင်း The Asia Foundation က ကောက်ယူသည့် စစ်တမ်းတစ်ခုအရ သိရသည်။

အဆိုပါစစ်တမ်းတွင် ပါဝင်ခဲ့သူများအနေနှင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီများနှင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များအကြောင်းကို သိရှိမှု  အနည်းဆုံး ဖြစ်သည်ဟု ဆိုသည်။

မဲဆန္ဒရှင်များအတွက် အသိပညာပေးမှုများကို မဲပေးစို့ အစီအစဉ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၊ Charity Oriented  Myanmar (COM), Open Myanmar Initiative (OMI), ဖန်တီးရာ, Google Developer  Group, Myanmar Greek Girls, Myanmar Information Management System (MIMU), the International Foundation for Electoral Systems (IFES) နှင့် The Asia Foundation စသည့်  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်သည်။ မဲပေးစို့ ဆော့ဝဲကို Hex cores  နှင့် Zwenexsys တို့က ပူးပေါင်း ဖန်တီးထားခြင်းဖြစ်သည်။

အဆိုပါ မဲပေးစို့ လှုပ်ရှားမှုကို ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဌာနနှင့် ကုန်သွယ်မှုဌာန (Australian Department of Foreign Affairs and Trade) နှင့် The Asia Foundation  ငွေကြေး ထောက်ပံ့ခြင်း ဖြစ်သည်။