News

POST TYPE

IT

မီဒီယာသမားနှင့် လူမှုကွန်ရက်
10-Mar-2017 tagged as Facebook

မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်နှင့် နည်းပညာ ဖွံ့ဖြိုးလာမှု၏ နောက်ဆက်တွဲအဖြစ် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှုန်း မြင့်တက်လာသကဲ့သို့ ပြည်တွင်းတွင် အင်တာနက် အသုံးပြုသူ အရေအတွက်မှာလည်း သန်း ၄၀ နီးပါးခန့်အထိ ရောက်ရှိနေပြီဖြစ်သည်။ ယင်းပမာဏ၏ ၉၀ ရာခိုင်နှုန်းမှာလည်း အင်တာနက် အသုံးပြုနေကြကြောင်း စာရင်းဇယားများက ဆိုပါသည်။ 

ယင်းအနေအထားတွင် Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဝက်ဘ်ဆိုက် ဖြစ်လာသကဲ့သို့ လူသိအများဆုံး အင်တာနက် Application လည်း ဖြစ်နေပါသည်။ ယင်းကဲ့သို့ လူမှုကွန်ရက် အသုံးပြုမှု ပမာဏ မြင့်တက်လာရာတွင် သာမန်ပြည်သူလူထု သာမက လူထုကို အသိပညာများ မျှဝေပေးနေသည့် မီဒီယာသမားများပင်လျှင် လူမှုကွန်ရက်ကို တစ်ကိုယ်ရေ အတွက်ရော သတင်းအရင်းအမြစ်တစ်ခု အဖြစ်ပါ အသုံးပြုမှု များပြားလာနေပြီ ဖြစ်သည်။ 

လူမှုကွန်ရက်တို့၏ ထုံးစံအတိုင်း ဓာတ်ပုံမျှဝေခြင်း၊ စိတ်ခံစားချက်များ ရေးသားခြင်းနှင့် အသိပညာများ၊ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းများ အထူးပင် များပြားလာသည်။ 

သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့ နေ့ချင်းညချင်း နည်းပညာ အသစ်အဆန်းများဖြင့် ရုတ်ခြည်းဆုံတွေ့ခွင့် ရခဲ့သော နိုင်ငံမျိုးတွင် လူမှုကွန်ရက် အသုံးပြုသူများ အနေနှင့် အခြေခံ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို သိနားလည်ခြင်း မရှိသောကြောင့်ဖြစ်စေ၊ Facebook ၏ Community Standard များကို အမှန်တကယ် မသိရှိသောကြောင့်ဖြစ်စေ မပြုမူသင့်သည့် အပြုအမူများကို ကျူးလွန်မိနေသည်များ ရှိလာသည်။

အင်တာနက်နှင့် လူမှုကွန်ရက် အသုံးပြုမှု မြင့်တက်လာမှု၏ ဘေးထွက်ဆိုးကျိုးအဖြစ် အသုံးပြုသူများ အကြားတွင် လူမှုကွန်ရက်ကို လွဲမှားစွာ အသုံးချခြင်းများ၊ သတင်းမှားများ ဖြန့်ချိခြင်းများ၊ အမုန်းစကားနှင့် ညစ်ညမ်းလိင်မှုဆိုင်ရာ အကြောင်းအရာများ ပိုမိုပြန့်ပွားလာနေသည်။ ထို့အပြင် အင်တာနက် လွတ်လပ်ခွင့်နှင့် လူတစ်ဦးချင်း လွတ်လပ်ခွင့်ကို သိသာစွာ ထိပါးနေသည့် အငြင်းပွားဖွယ် ဆက်သွယ်ရေး ပုဒ်မ၆၆ (ဃ) မှာလည်း တလွဲအသုံးချစရာ ပုဒ်မတစ်ခု ဖြစ်လာနေပြီး မီဒီယာသမားများနှင့် အင်တာနက် အသုံးပြုသူ ပြည်သူများကို အထူးခြိမ်းခြောက်နေပြန်သည်။

ယင်းသို့သော အတိမ်းအစောင်းမခံသည့် အခြေအနေမျိုးတွင် မီဒီယာသမားများ အနေနှင့် လူမှုကွန်ရက်ကို သတိထားကိုင်တွယ် အသုံးပြုရန် အထူးပင် လိုအပ်လာနေသည်ဟု ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းမီဒီယာသမားများသည် လူထုထံသို့ မျှတ၍ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေပေးရသူများ ဖြစ်သောကြောင့် လူမှုကွန်ရက်များ အပေါ်တွင် သတင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပုဂ္ဂလိက စိတ်ခံစားချက်ကဲသည့် ပုံစံမျိုးဖြင့် ဖော်ပြနေမှုများ ပြုမူမိပါက ဘေးထွက်ဆိုးကျိုး များပြားလှသောကြောင့် ဖြစ်သည်။

သတင်းမီဒီယာများသည် လူထုကို လွှမ်းမိုးနိုင်သည့် Tool တစ်မျိုး ဖြစ်သည့်အတွက် သတင်းမီဒီယာသမားများသည် ယင်း Tool ၏ အစိတ်အပိုင်းများ ဖြစ်ပါသည်။ ထို့ကြောင့် အကဲဆတ်သည့် (Content) အကြောင်းအရာ တင်ပြပုံများနှင့် သုံးသပ်ချက်များကို ၎င်းတို့၏ Timeline များပေါ်တွင် တင်သည် မျှဝေသည် ဆိုသော်လည်း ယင်းသည် ၎င်းတို့ကိုယ်တိုင် သာမက ၎င်းတို့၏ မိခင်မီဒီယာနှင့် မီဒီယာ Industry တစ်ခုလုံးကို ကိုယ်စားပြုနေနိုင်သည်ကို သတိမူရမည် ဖြစ်သည်။ 

မိမိတို့၏ ပုဂ္ဂိုလ်စွဲ၊ ပါတီ အဖွဲ့အစည်းစွဲ ပုဂ္ဂလိက ခံစားချက်များဖြင့် လူမှုကွန်ရက်တွင် ပုံဖော်ရေးသားမှုများကြောင့် မိမိတို့ တင်ဆက်သည့် စာမျက်နှာပေါ်မှ သတင်းနှင့် သတင်းချဉ်းကပ်ပုံများကိုပါ လူအများက မေးခွန်းထုတ်ချင်ဖွယ် ဖြစ်မလာစေရန် သတိထားရမည် ဖြစ်သည်။ 

ယင်းအနေအထားများသည် မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာရှိ မီဒီယာသမားများပါ ကြုံတွေ့နေရခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေများအပေါ် သုတေသနပြုချက်များနှင့် အကြံပြုချက်များလည်း ရှိသည်။ ပင်ဆယ်လ်ဗေးနီးယားရှိ Lehigh တက္ကသိုလ်မှ Journalism & Communication ဘာသာရပ်ဆိုင်ရာ လက်ထောက်ပါမောက္ခ ဖြစ်သည့် Jayeon Lee က မီဒီယာသမားများ အနေနှင့် အသေးစိတ်နိုင်သည့် အချက်အလက်များနှင့် သတင်းနှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို Personal Timeline  များတွင် ဖော်ပြသည့်အခါ သို့မဟုတ် မိမိ၏ Post များတင်ပြချက်များ အပေါ် အခြားအသုံးပြုသူများ၏ မှတ်ချက်များကို ပြန်ကြားသည့်အချိန် (Comment  များကို Reply ပြန်သည့် အချိန်များ) တွင် ချင့်ချိန်နှိုင်းဆမှုရှိရန် အထူးလိုအပ်သည်ဟု အကြံပြုထားသည်။ 

Professional Level မီဒီယာသမား၏ တုံ့ပြန်ပုံနှင့် တင်ပြပုံများသည် တခြားတစ်ပါးသော အသုံးပြုသူများအတွက် သိသာထင်ရှားစွာ အနုတ်လက္ခဏာအမြင် သို့မဟုတ် ဘေးထွက်ဆိုးကျိုး အကျိုးသက်ရောက်မှု မရှိစေရန်လည်း သတိမူသင့်ကြောင်းနှင့် ပုဂ္ဂိုလ်ရေး အမြင်များကို ဖော်ထုတ်ရေးသားရာတွင် မိမိ၏ သတင်းမီဒီယာသမား ဟူသည့် အနေအထားကို အဂတိတရားတစ်ခု အနေနှင့် အသုံးမချမိရန် လိုအပ်ကြောင်းလည်း သူက ဆိုထားသည်။

မီဒီယာသမားများ၏ လူမှုကွန်ရက်ပေါ်တွင် ပြုမူပုံနှင့် တင်ပြပုံများသည် ၎င်းတို့၏ လုပ်ငန်းခွင်ကို သာမက အတတ်ပညာ ကျွမ်းကျင်မှုနှင့် သမာသမတ်ကျမှုများ အပေါ်တွင်ပါ စာဖတ်သူများ၏ ထင်မြင်ချက်များအပေါ် သက်ရောက်နိုင်ပါသည်။  

လွန်ခဲ့သည့် ကာလများက ဖြစ်ပွားခဲ့သော ရခိုင်အရေး၊ ကျောင်းသားသပိတ်ကိစ္စ၊ လောက်ကိုင်ကိစ္စ၊ လူမျိုးရေး ဘာသာရေး ကိစ္စများမှ စ၍ မကြာမတင်က ဖြစ်ပွားခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၊ အင်းဝအပ်ချုပ်ဆိုင်၊ မဘသ၊ YBS၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်  အမှုအခင်း အခြေအနေနှင့် လက်ရှိ ကိုဆွေဝင်းကိစ္စအထိ Facebook ပေါ်တွင် စိတ်ခံစားချက်ကဲသည့် တင်ပြချက်များ ရေးသားနေသည့် မီဒီယာသမားများ အများအပြား ရှိနေဆဲဖြစ်ပါသည်။ 

ပြဿနာတိုင်းတွင် အနည်းဆုံး ဘက်နှစ်ဖက် ရှိတတ်ပြီး မီဒီယာသမားများ အနေနှင့် အဆိုပါ အစွန်းများကို ရှောင်လွှဲ၍ သမမျှတစွာ တင်ဆက်ကြရမည့် တာဝန်ရှိပါသည်။ မိမိ၏ Personal Timeline  ဖြစ်သောကြောင့် မိမိစိတ်ကြိုက် ရေးနိုင်သည် ဆိုသော်လည်း မီဒီယာသမားတစ်ဦးကို လူတိုင်းက မီဒီယာသမားဟုပင် မြင်နေမည် ဖြစ်သောကြောင့် ယင်းတင်ပြချက်ကို သူ၏ ပုဂ္ဂလိကအမြင် ဆိုသည်ထက် မီဒီယာသမားတစ်ဦး၏ အမြင်ဟုသာ ယူဆမည် ဖြစ်ပါသည်။  

ပုဂ္ဂလိက ခံစားချက်ကဲသည့် တင်ပြချက်နှင့် သတင်းမှန်တင်ပြချက် ကြား မည်သို့ ကွာခြားသည်ကို မီဒီယာသမားများ ကိုယ်တိုင် သိရှိမည်မှာ သေချာနေသောကြောင့် ကိုယ်တိုင် ခွဲခြားချင့်ချိန်ရန် လိုအပ်ပါသည်။ လူမှုကွန်ရက်သည် မီဒီယာပလက်ဖောင်းတစ်မျိုး ဖြစ်သောကြောင့် Traditional Media များကဲ့သို့ပင် ပြည်သူလူထု သိသင့်သည့် သတင်းမှန်ကို လူမှုကွန်ရက်မှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ အသိပေးခြင်းမျိုးသာ ဖြစ်သင့်ပြီး မိမိ၏ ပုဂ္ဂလိက စိတ်ခံစားချက်များကို သတင်းနှင့် ရောနှောတင်ပြခြင်းမျိုး မဖြစ်စေရန် အထူးသတိပြုစေလိုပါသည်။ 

မီဒီယာသမားများ အပါအဝင် လူထုအနေနှင့် ယခုအချိန်တွင် Facebook သည် ဝါဒဖြန့်ချိရေး နေရာတစ်ခုသဖွယ် ဖြစ်နေပြီး စနစ်တကျ အသုံးချနေကြသူများလည်း ရှိနေသည်ကို မမေ့အပ်ပေ။ လူတစ်ဦးချင်းစီ၏ အသုံးချပုံကို ကန့်သတ်ရန် မဖြစ်နိုင်သောကြောင့် ကိုယ်တိုင် စောင့်ထိန်းမှုများ ရှိနေမှသာ တန်ကာကျပေလိမ့်မည်။ 

ယင်းကြောင့် ကြီးငယ်မဟူ မီဒီယာနယ်ပယ်မှ လူအများအနေနှင့် လူမှုကွန်ရက်ကို ကောင်းမွန်စွာ ကိုင်တွယ်အသုံးချတတ်/အသုံးချ ဖြစ်ကြရန် အထူးလိုအပ်လှပြီး၊ ယင်းသို့ ပြုမူမိခြင်း မရှိပါက ၎င်းတို့ကိုယ်တိုင် ပြဿနာများကို တင်ပြသူများအဖြစ်မှ ပြဿနာများကို ပုံဖော်သူများဖြစ် သွားနိုင်သည်ကို သတိမူသင့်ကြောင်း အကြံပြုလိုပါသည်။ 

မောင်မိုးဇွန်