News

POST TYPE

IT

Dawei Travel Guide မိုဘိုင်းလ် App ရေးသားသူ တတိယနှစ် ကျောင်းသားနှင့် တွေ့ဆုံခြင်း
07-Mar-2017 tagged as IT App


ပြည်တွင်း ကွန်ပျူတာတက္ကသိုလ်များက နည်းပညာရှင် လူငယ်များကို နှစ်စဉ် မွေးထုတ်ပေးနေသည့်အပြင် ကျောင်းသား ပညာရှင်များ၏ နည်းပညာ ထုတ်ကုန်များကိုလည်း ကျောင်းတိုင်းတွင် နှစ်စဉ်ပြပွဲများ ပြုလုပ်ပြီး ပြသပေးနေသည်။ ကျောင်းသားလူငယ်များ Software, Hardware ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်အတွက်လည်း အင်တာနက် ချိတ်ဆက်ပေးခြင်းများအပြင် ကျောင်းချိန်ပြင်ပ ဆရာ၊ ဆရာမများနှင့် ထိတွေ့နိုင်စေရန်လည်း အထောက်အပံ့များ ပေးနေသည်။ သို့သော်လည်း နယ်မြို့များရှိ ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းပြင်ပ လေ့လာရန်အတွက် သင်တန်းများ မရှိခြင်း၊ အင်တာနက် အခက်အခဲများလည်း ရှိနေသည်။ ထို့ထက်ပို၍ နည်းပညာ လုပ်ငန်းခွင် ရှားပါးခြင်းသည်လည်း နယ်မြို့များရှိ ကျောင်းသားများအတွက် ကြီးမားသည့် အခက်အခဲတစ်ခု ဖြစ်နေပေသည်။ နည်းပညာရှင် လူငယ်များ၏ အတွေ့အကြုံများနှင့် မိုဘိုင်းလ် App ထုတ်လုပ်သည့် အတွေ့အကြုံများကို ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်) နည်းပညာ ထုတ်ကုန်ပြပွဲတွင် ပထမဆု ရရှိခဲ့သည့် Dawei Travel Guide မိုဘိုင်းလ် App ရေးသားသူ တတိယနှစ် ကျောင်းသားသုံးဦးနှင့် ဆက်သွယ် မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်) မှာ ဝင်ပြီးပြသခဲ့တဲ့ မိုဘိုင်းလ် App ကို မိတ်ဆက်ပေးပါဦး။ ဒီ App မှာ ဘာတွေလုပ်လို့ ရနိုင်မလဲ။
DTG : ကျွန်တော်တို့ App က Dawei Travel Guide ဖြစ်ပါတယ်။ ဒီ App က ထားဝယ်ခရိုင် အတွင်းမှာရှိတဲ့ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း  မြို့တွေမှာရှိတဲ့ ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီတွေ၊ ကမ်းခြေတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို လမ်းညွှန်ပေးထားပါတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ တည်နေရာအပြင် ဖုန်းနံပါတ်တွေကိုလည်း ထည့်ပေးထားပါတယ်။ ဖုန်းတွေကို တိုက်ရိုက် ခေါ်ဆိုနိုင်မှာပါ။ ရှေးဟောင်း ဘုရားစေတီတွေရဲ့ တည်နေရာနဲ့ အကွာအဝေးကို ကီလိုမီတာနဲ့ ဖော်ပြပေးထားပါတယ်။

Voice : မြိတ်ကျွန်းစုလို နေရာမျိုးကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်စားလာတဲ့အချိန်မှာ ဒီမိုဘိုင်းလ် App က ခရီးသွားတွေအတွက် ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်မလဲ။ ဒီတနင်္သာရီဒေသရဲ့ အလှအပနဲ့ အထင်ကရ နေရာတွေကိုရော ထပ်ပြီး ပေါင်းထည့်ပေးဖို့ အစီအစဉ်ရှိမလား။
DTG : လက်ရှိမှာတော့ ကျွန်တော်တို့ App က ထားဝယ်ဒေသအတွက် ပြုလုပ်ပေးထားတာပါ။ ကျွန်တော်တို့ဒေသမှာ ခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် များပြားလာတဲ့အတွက် သူတို့အနေနဲ့ ထားဝယ်ဒေသမှာရှိတဲ့ အထင်ကရ နေရာတွေကို လွယ်လွယ်ကူကူ လေ့လာနိုင်ဖို့အတွက် ဒီ App ကို ဖန်တီးထားတာပါ။ မြိတ်ကျွန်းစုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ မပါသေးပါဘူး။

ကျွန်တော်တို့ ထားဝယ်ဒေသမှာရှိတဲ့ ကျန်နေတဲ့ အလှအပနဲ့ အထင်ကရ နေရာတွေကို ထပ်ထည့်ဖို့ အစီအစဉ် ရှိပါတယ်ဗျ။

Voice : လက်ရှိမှာရော App ကို အပြင်ကိုဖြန့်ပြီလား။ ဘယ်နေရာမှာ ရယူနိုင်မလဲ။ အသုံးပြုသူတွေ လက်ထဲကို ဒီ App ရောက်သွားဖို့ကိုရော ဘယ်လိုလုပ်မလဲ။
DTG : ပြည်ထောင်စုနေ့တုန်းက ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ Product Show မှာတော့ လာပြီး လေ့လာတဲ့ ဧည့်သည်တွေကို မျှဝေပေးခဲ့ပါတယ်။ နောက်ထပ် လိုချင်တဲ့သူတွေဆိုရင် အဆင်ပြေအောင် ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာလည်း တင်ပေးထားပါတယ်။ Pcloud မှာလည်း တင်ပေးထားပါတယ်။  

Voice : ဒီ App ကို လုပ်ခဲ့တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ။
DTG : Google Map ပေါ်မှာ အပြည့်အစုံ မရတဲ့ ထားဝယ်ဒေသက ရှေးဟောင်း ဘုရားစေတီတွေအတွက် မြေပြင် ကွင်းဆင်းခဲ့ရတာပေါ့။ အထူးသဖြင့် အကွာအဝေး ကီလိုမီတာကို အချက်အလက် တိတိကျကျ ဖော်ပြချင်တဲ့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေမှာ သွားတောင်းရပါတယ်။ App အတွင်းမှာ ဖော်ပြမယ့် ဓာတ်ပုံတွေကိုလည်း ကိုယ်တိုင် ကွင်းဆင်းပြီး ရိုက်ယူခဲ့ရပါတယ်။ ကျောင်း စာသင်ချိန် ပြင်ပ အချိန်တိုတွင်း လုပ်ခဲ့ရတဲ့အတွက် အခက်အခဲတွေ ရှိခဲ့ပါတယ်။

Voice : ဒီအင်တာဗျူးကိုလုပ်ဖို့ ဖုန်းဆက်တဲ့အခါ ကျတော့ ဖုန်းလိုင်းက မကောင်းဘူးပဲ။ နည်းပညာတွေ လေ့လာဖို့အတွက် အင်တာနက် အခက်အခဲရော ရှိမလား။ 
DTG : ကျွန်တော်တို့ ကျောင်းမှာတော့ အင်တာနက်လိုင်းလည်း ချိတ်ဆက်ပေးထားပါတယ်။ ကျောင်းပရိဝုဏ်အတွင်းမှာ Wi-Fi တပ်ဆင်ပေးထားတဲ့အတွက် အင်တာနက် အခက်အခဲတော့ သိပ်မရှိပါဘူး။

Voice : ခုက Android App ပေါ့လေ။ ဒီလို မိုဘိုင်းလ် App တွေ ထုတ်နိုင်ဖို့အတွက် ကျောင်းက ဘာတွေ အထောက်အပံ့ ပေးသလဲ။
DTG : ဒီလို App တွေကို ရေးနိုင်ဖို့အတွက် ကျွန်တော်တို့ ထားဝယ်မြို့မှာက မြို့ကြီးတွေမှာလို ပြင်ပ သင်တန်းတွေ ဖွင့်လှစ်သင်ကြားတာမျိုး မရှိသေးပါဘူး။ 
ကွန်ပျူတာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကပဲ ကျောင်းချိန်ပြင်ပ သင်ကြားပေးတာနဲ့ သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့ ကူညီပေးခဲ့ပါတယ်။

Voice : လက်ရှိမှာကတော့ ဒါနည်းပညာ ထုတ်ကုန်တစ်ခုကို ထုတ်တယ်။ ပြပွဲမှာ ပြတယ်ပေါ့လေ။ နည်းပညာလောကမှာ ကိုယ်ပိုင် စွန့်ဦးလုပ်ငန်း လုပ်ကိုင်ဖို့ ဖြစ်ဖြစ်၊ အလုပ်ခွင်ဝင်ဖို့ပဲဖြစ်ဖြစ်ဆိုရင် ဘာတွေ အခက်အခဲ ရှိနေမလဲ။
DTG : အခုအချိန်မှာ ကွန်ပျူတာ ဘာသာရပ်တွေကို လေ့လာဆဲ ကျောင်းသားတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှုအတွက် ကွန်ပျူတာ တက္ကသိုလ်ကို သင်ယူနေစဉ် အချိန်မှာရော အခြား ကိုယ်ပိုင် လေ့လာမှုတွေနဲ့ ကျွန်တော်တို့ ကြိုးစားအားထုတ်မှုတွေကို ပေါင်းဆက်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

Voice : ပြည်တွင်းက နည်းပညာ လုပ်ငန်းခွင် နယ်ပယ်က အရင်ကထက် ပိုများလာတယ် ဆိုပေမယ့် နယ်ကသူတွေ အတွက်ကျတော့ လိုအပ်နေဦးမလား။
DTG : ထားဝယ်မြို့က တနင်္သာရီ တိုင်းဒေသကြီး ရဲ့ မြို့တော်ဖြစ်ပေမယ့်လည်း IT နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်း နယ်ပယ်ကတော့ နည်းပါးနေပါသေးတယ်။ အဲ့ဒါကြောင့် နည်းပညာနဲ့ ပတ်သက်တဲ့ နည်းပညာ လုပ်ငန်းခွင် နယ်ပယ်ကတော့ လိုအပ်နေပါသေးတယ်။

Voice : အခု ဒီ မိုဘိုင်းလ် App ကို အဖွဲ့နဲ့ လုပ်တယ်လို့သိရတယ်။ ဒီအဖွဲ့က ကျောင်းက ဖွဲ့ပေးတာလား။ ကိုယ့်ဘာသာ ဖွဲ့တာလား။ ဒီအဖွဲ့ ရေရှည် လက်တွဲသွားဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ။
DTG : ကျောင်းက ဖွဲ့ပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘာသာ ဖွဲ့တာပါ။ Team Work, Team Spirit က အရေးကြီးပါတယ်။ ကျွန်တော်တို့က တက္ကသိုလ် တစ်ခုတည်းမှာ အတူတူ ပညာဆည်းပူးနေတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် ရေရှည်လက်တွဲဖို့ ပြောပလောက်စရာ အခက်အခဲ ကြီးကြီးမားမား မရှိလောက်ဘူး ထင်ပါတယ်။ 

Voice : ကျောင်းသားလူငယ်တွေရဲ့ တီထွင်နိုင်မှုတွေ ပိုပြီး ကောင်းမွန် တိုးတက်လာဖို့ အတွက်ကကျတော့ရော ဘယ်လို အထောက်အပံ့တွေ လိုအပ်မလဲ။
DTG : ကျောင်းသားတွေ ကိုယ်တိုင်က ကြိုးစားချင်စိတ် ရှိဖို့လိုပါတယ်။ ပြင်ပ အထောက်အကူ ပစ္စည်းတွေလည်း လိုအပ်ပါတယ်။ အထောက်အကူ ပစ္စည်းတွေ ဘယ်လောက်ပဲရှိနေပါစေ ကျောင်းသားလူငယ်တွေရဲ့ ကိုယ်တိုင် ကြိုးစားချင်စိတ်က ပိုပြီး အဓိက ကျပါတယ်။ သမားရိုးကျ နည်းလမ်းတွေကနေ ဖောက်ထွက်ဖို့ဆိုရင်တော့ Self-Study များများလုပ်ပြီး ကြိုးစားသွားကြမယ်ဆိုရင် ပိုပြီးတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။

မောင်မန်း