News

POST TYPE

IT

Sat Su & The Mysterious Villa ဂိမ်းရေးဆွဲသူ မောင်စိုးမြတ်မင်းနှင့် တွေ့ဆုံခြင်း
09-Aug-2016 tagged as ဂိမ်း

ပြည်တွင်း၌မိုဘိုင်းလ် App များကို ကျောင်းသားလူငယ်များက ဖန်တီးရေးဆွဲလာကြသည့်အပြင် မိုဘိုင်းလ်ဂိမ်းများ၊ ကွန်ပျူတာ ဂိမ်းများကိုလည်း ကျောင်းသားလူငယ်များက တီထွင်ရေးဆွဲလာကြသည်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် UCSY Student Show Case 2016 ပြပွဲတွင်လည်း ကျောင်းသားလူငယ်များက မိုဘိုင်းလ် App များ၊ ဝက်ဘ်ဆိုက်များအပြင် ကွန်ပျူတာဂိမ်းများကိုလည်း ဖန်တီးပြသနိုင်ခဲ့ကြသည်။ ယင်းတို့အနက်မှ Sat Su & The Mysterious Villa အမည်ရှိ ကွန်ပျူတာဂိမ်းကို တီထွင်ရေးဆွဲသည့် Save in your Brain Entertainment တည်ထောင်သူ စတုတ္ထနှစ် (CS) ကျောင်းသား မောင်စိုးမြတ်မင်းနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းမှာ လူငယ်တွေက မိုဘိုင်းလ် App တွေ အများကြီး ရေးလာကြတယ်။ ဒီအထဲက ဂိမ်းကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ။

SMM : ငယ်ငယ်တုန်းက ဂိမ်းတွေဆော့ရင် ကိုယ့်စိတ်ကြိုက် ပြင်ချင်တာလေးတွေ ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေ သဘောကျတာလေးတွေ ရှိတယ်အဲဒါမျိုးတွေကို ကိုယ်တိုင်လုပ်ချင်တယ် ဆိုတာကနေ စပြီးတော့ ရည်ရွယ်ချက်တွေ စရှိလာခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ဂိမ်းကိုပဲ လုပ်ချင်တာပါ။ App တွေလုပ်ဖို့ အရမ်းဝါသနာ မပါခဲ့ဘူးပေါ့။

Voice : UCSY Student Show Case မှာ ဝင်ပြခဲ့တဲ့ ဂိမ်းကရော ဘယ်လိုဂိမ်းမျိုး ဖြစ်မလဲ။

SMM : ပွဲမှာ ပြခဲ့တဲ့ ဂိမ်းကတော့ Third Person Shotter အမျိုးအစားပါ။ ဂိမ်းနာမည်ကတော့ Sat Su & The Mysterious Villa လို့ ပေးထားပါတယ်။ ပုံပြင်လေးကို အခြေခံထားပြီးတော့ Screct Item တွေ ရှာပြီး တစ်ဆင့်တစ်ဆင့် သွားရတာမျိုးပါ။ လူဆိုးတွေ တွေ့ရင်လည်း တိုက်ခိုက်ရတာလည်း ပါပါတယ်။

Voice : ခုတစ်ခေါက်ပွဲက ဒုတိယအကြိမ် ကြိုးစားခဲ့တာလို့ သိထားတယ်ဗျ။ အရင်တစ်ခေါက်ကရော ဘယ်လို App ကို ပြခဲ့လဲ။ ဘာတွေအခက်အခဲရှိခဲ့လဲ။ ဒီတစ်ခေါက်နဲ့ နှိုင်းယှဉ်ပြီး ပြောပေးပါဦး။

SMM : အရင်တစ်ခေါက် ဂိမ်းကတော့ Pyaungtalinn’s Seven Orbs ဆိုတဲ့ ဂိမ်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီဂိမ်းကတော့ 2D Game ဖြစ်ပြီးတော့ Platform Game အမျိုးအစား ဖြစ်တယ်။အခုက 3D Game ဖြစ်သွားတော့ 3D Modelling လုပ်ရတာရော Vector3 တွက်ရတာရော အများကြီး ပိုရှုပ်ထွေးလာပါတယ်။ Animaiton တွေ Modelling တွေကလည်း Internet ကနေ Free ပေးတာတွေကို မသုံးချင်တော့ အားလုံး ကိုယ်ပိုင် Creation ဖြစ်ချင်တာနဲ့ ကိုယ်တိုင်ဆွဲဖို့အတွက် 3D ကို ဒီနှစ်လအတွင်း အစအဆုံး လေ့လာခဲ့ရပါတယ်။

Voice : ဂိမ်းတစ်ခု (မိုဘိုင်းလ် App တစ်ခု) ကပေါ့ဗျာ။ တကယ်အသုံးပြုသူတွေ လက်ထဲကို ရောက်ရှိဖို့ဆိုရင် ဘယ်လိုတွေလုပ်ဖို့ လိုမလဲဗျ။

SMM : သုံးစွဲသူလက်ထဲ ရောက်ဖို့ ဆိုတာက သုံးစွဲချင်စရာ ဖြစ်နေဖို့ အဓိကပါပဲ။ App တွေဆိုရင် သူတို့တွေအတွက် လိုအပ်တဲ့ပုံစံမျိုး ဖြစ်နေရမယ်။ လိုအပ်ချက်နဲ့ ကိုက်ညီနေရမယ်။

Function စုံတာ မစုံတာ အဓိက မဟုတ်ဘူးပေါ့။ ဂိမ်းကျတော့ App နဲ့တော့ မတူဘူး။ သူက ဖြစ်နေတဲ့ Problem ကို Solution ရှာနေတာမျိုး မဟုတ်ဘဲနဲ့ စိတ်ဝင်စားမလားဆိုပြီး တစ်မျိုးပြီးတစ်မျိုး လုပ်ပြနေရတာပါ။ Player တွေက ဂိမ်းတွေကို ခဏဆော့လိုက်တယ် ကြိုက်ရင် ဆက်ဆော့တယ်။ မကြိုက်ရင် Uninstall လုပ်လိုက်တယ်။ အဲတော့ ခဏစမ်းဆော့တဲ့ အချိန်မှာတင် စိတ်ဝင်စားပြီး စွဲလမ်းနေမှ Market မှာ နေရာရမှာပါ။ ဒါကလည်း ရှင်းပြရခက်တဲ့ အနုပညာ တစ်ခုလိုပါပဲ။

Voice : ဂိမ်းတစ်ခုကို ရေးဆွဲဖို့ကျတော့ ဘယ်လိုလေ့လာမှုမျိုးတွေ လုပ်ခဲ့ရသလဲ။ ဘာတွေအခက်အခဲ ရှိခဲ့လဲ။

SMM : အခက်အခဲတွေကတော့ အများကြီးပါ။ ဘယ်ကနေ စရမှန်း မသိတာကနေ စခဲ့တာပါ။ ကိုယ်ပိုင်ဂိမ်းတစ်ခုလုပ်ဖို့ ဆိုရင် Programming တွေလည်း သိရတယ်။ Graphic Design, 3D Modelling, Animation, Sound တွေလည်း နားလည်ထားရမယ်။

Game Design, Game Flow တွေလည်း ကိုယ်တိုင်ဆွဲနိုင်ရမယ်၊ Start State, Goal State တွေ ဖြစ်တဲ့ စစချင်းမှာ ဘာတွေပေးထားမယ် နောက်ဆုံးကျရင် ဘာဖြစ်သွားမယ် စသည်ဖြင့် အစီအစဉ်တွေကိုလည်း လုပ်တတ်ရမယ်။ အဲဒီအစီစဉ်တွေကို စိတ်ဝင်စားစရာ ဖြစ်လာအောင် Story လေးတွေနဲ့ မွမ်းမံရမယ် စသည်ဖြင့် အဘက်ဘက်က ပြည့်စုံနေအောင် စဉ်းစားခဲ့ရတဲ့အတွက် Task တွေများတော့ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ မျောက်သစ်ကိုင်းလွတ်တွေလည်း ဖြစ်ခဲ့ပါတယ်။ အဲဒါတွေကတော့ အခက်အခဲတွေပေါ့။ ဖြေရှင်းနိုင်တာ တစ်ခုကတော့ Collaboration ပါပဲ။ Team တစ်ခုနဲ့ တူတူလုပ်တဲ့ အခါကျတော့ Task တွေက ခွဲပေးပြီး တစ်ခုချင်းကို Focus လုပ်ရတာ ပိုလွယ်သွားပါတယ်။

Voice : ပြည်တွင်းက ဂိမ်းတွေက ရုပ်ပုံထွက်ပိုင်းမှာ အဆင်မပြေတာလေးတွေ ရှိတယ်လို့ ပြောကြတယ်။ ဒါဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်သလဲ။

SMM : ပြည်တွင်းဂိမ်းတွေ ရုပ်မကောင်းတာက ရုပ်ထွက်ကို ဦးစားမပေးကြလို့ပါ ကာတွန်းစာအုပ်တွေမှာ ဆိုရင်တော့ ပုံလှလှလေးတွေနဲ့ အဆင်ပြေနေတတ်ပြီး ကာတွန်းရေးတဲ့ လူတွေကျတော့ ဂိမ်းမလုပ်ကြဘူး။

ပြီးတော့ Game အတွက် 3D သမားတွေ နည်းနေသေးတယ်။ ရှိတဲ့ 3D သမားတွေ ကျတော့လည်း ဆောက်လုပ်ရေးတို့ ဘာတို့မှာပဲ တွေ့ရတာ များတယ်။ ဂိမ်းမှာပါတဲ့ Animation တွေကကျတော့ ပြည်တွင်းက လုပ်တတ်တဲ့လူ တော်တော်ရှားပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ ဆိုရင်တော့ သင်တန်းကျောင်း ကောင်းကောင်းတွေနဲ့ Game Development တွေကို Support ပေးတဲ့ အဖွဲအစည်းတွေရှိမှ ပိုအဆင်ပြေမှာပါ။

Voice : ဂိမ်းတစ်ခုကို ရောင်းချဖို့အတွက် ဖြန့်ချိရေး လမ်းကြောင်းတွေက ပြည့်ပြည့်စုံစုံ ရှိနေပြီလား။ ငွေပေးချေမှု ပုံစံတွေက ဘယ်လိုတွေ ရှိမလဲ။ ဒီအပိုင်းမှာရော အခက်အခဲတွေ ဘာတွေရှိသလဲ။

SMM : ဂိမ်းတစ်ခု ရောင်းဖို့ဆိုရင် အလွယ်ဆုံးကတော့ Steam ပါ။ ဂိမ်းက Error ကင်းကင်း Bug ရှင်းရှင်း ရှိနေတယ် ဆိုရင်တော့ Steam ပေါ်တင်ပြီး တန်းရောင်းလို့ ရနိုင်ပါတယ်။ Vote တွေ ဘာတွေလိုအပ်တော့ Marketing ကောင်းကောင်းတော့ ရှိမှရမှာပါ။ နောက်တခြားနည်းတွေကတော့ In App Purchase ပေါ့။ အဲဒါကတော့ ကိုယ်ပိုင် Server တစ်ခုခု ရှိပြီးတော့ အဲဒီကနေ Player တွေရဲ့ Data တွေ သိမ်းထားပြီးတော့ Item လေးတွေ ဘာလေးတွေ ရောင်းတယ် ဆိုတာမျိုးပေါ့။ အဲဒါကတော့ Technology ပိုင်း နည်းနည်းပိုခက်သွားတယ်ပေါ့။ ငွေပေးချေမှုက မြန်မာနိုင်ငံမှာ နည်းနည်းခက်နေပါသေးတယ်။ ဖုန်းဘေတွေကနေ ဖြတ်လို့ရတယ်။ Red Dot တွေ ရှိတယ်လို့ ပြောနေပေမယ့်လို့ Percentage များနေသေးတဲ့အတွက် အကျိုးအမြတ်က နည်းနေပါသေးတယ်။ ကျွန်တော်တို့Team အနေနဲ့တော့ ဖြန့်ချိဖို့အတွက် ကြိုးစားနေဆဲပါ။

Voice : Save in your Brain က ဘယ်သူတွေ ဖွဲ့စည်းထားတာလဲ။ အဖွဲ့ဝင်တွေရော ရှိမလား။ ဘယ်လိုရပ်တည်နေသလဲ။

SMM : Save in your Brain Entertainment ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် Founder Team မှာ ၄ ယောက်မှာTechnology သမား ၃ယောက် Marketing သမား ၁ ယောက်ပေါ့။ အခြားလုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့လည်း Web Developer တွေ အခြား Operation ပိုင်းတွေမှာလည်း ရှိပါတယ်။

Voice : သင်တန်းကျောင်း ဖွင့်ဖို့လည်း ရှိတယ်လို့ သိထားတယ်ဗျ။ ဘယ်လိုပညာရပ်တွေကို သင်ကြားပေးမှာလဲ။ ဘယ်သူတွေအတွက် ရည်ရွယ်သလဲ။

SMM : သင်တန်းကျောင်း ဖွင့်ချင်တယ် ဆိုတာကတော့ မြန်မာပြည်မှာ Game Developer တွေ ပိုများလာစေချင်တဲ့ ရည်ရွယ်ချက်ပါ။ မြန်မာCulture တွေနဲ့ ဂိမ်းတွေဟာ အရမ်းနည်းနေပါသေးတယ်။ တရုတ်မှာဆိုရင် သူတို့ Culture ကို ဖော်ပြတဲ့ Game တွေ အများကြီး ရှိနေပါပြီ။ သင်တန်းကျောင်းမှာ အဓိက သင်ပေးချင်တာကတော့ Programming ပိုင်းရယ်၊ Game Design ဆွဲပုံ ဆွဲနည်းရယ်၊ Unity 3D Game Engine အသုံးပြုနည်းရယ်ပေါ့။ တော်တော်များများက ဂိမ်းလုပ်ချင်ကြပြီးတော့ ဘယ်ကစရမှန်း မသိတဲ့လူတွေအတွက် စနစ်ကျတဲ့ အစပျိုးနည်းကို ပြောပြပေးချင်တာပါ။ ပထမဆုံးကတော့ Basic ကို စဖွင့်ချင်ပါတယ်။ အဲဒီထဲမှာမှ Programming ဆို Programming ပိုင်း အဓိကထားတဲ့ Advance တွေ၊ 3D Modeling Advance တွေအတွက် သက်သက်ရှိဦးမှာပါ။ အဲဒါကြောင့် ဂိမ်းလုပ်ချင်တဲ့ ဘယ်သူမဆို တတ်လို့ အဆင်ပြေမှာပါ။

Voice : ပြည်တွင်းက နည်းပညာသမား လူငယ်တွေပေါ့လေ။ သူတို့အတွက်ဆိုရင် ဘယ်လိုအထောက်အပံ့တွေ ရရှိဖို့ လိုအပ်မလဲ။

SMM : နည်းပညာသမားတွေအတွက် လိုအပ်နေတာတွေကတော့ နံပါတ် ၁ ကတော့ အင်တာနက်ပါ။ များသောအားဖြင့် အင်တာနက် မကောင်းလို့ ဖုန်းအင်တာနက်ကိုသုံးနေရလို့ စတဲ့ အကြောင်းတွေကြောင့် နှေးနေတာတွေ အများကြီး တွေ့ရပါတယ်။ နောက်တစ်ခုက အသိမှတ်ပြုဖို့ပါ။ တက္ကသိုလ်ကျောင်းတွေမှာ စာကျက်ရတဲ့ အချိန်နဲ့ ကားစီးရတဲ့ အချိန်များတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကိုယ်ပိုင်ဖန်တီးနိုင်မှု စွမ်းအားတွေ လျော့နည်းနေတာပါ။ စာကျက်ပြီး စာမေးပွဲ ဖြေရမယ့်အစား ကိုယ်ပိုင်Projectတွေ လုပ်ပြရင်အမှတ်တွေရမယ် ဆိုရင် ဘယ်နောက်ဆုံးတစ်ခုက စနစ်ကျမှုပေါ့။ လုပ်ချင်တာတွေ ဖြစ်လာဖို့ အဓိက ဖြစ်နေတော့ App တွေ ဂိမ်းတွေက နောက်ကွယ်မှာ concept အရ အမှားတွေ အများကြီး ပါနေတတ်တယ်။ အဲဒါကကို ဖြေရှင်းဖို့ကတော့Theroy တွေ လေ့လာမှရမှာပါ။

Voice : နောက်ဆုံးအနေနဲ့ မြန်မာဂိမ်းတွေ ပိုပြီး အောင်မြင်လာဖို့၊ တွင်ကျယ်လာဖို့အတွက် ဘာတွေလိုအပ်မလဲ။ ဘယ်လိုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

SMM : မြန်မာဂိမ်းတွေ ပေါ်ထွက်လာဖို့အတွက် အရိုးရှင်းဆုံးပါ။ မြန်မာပြည်မှာ ဂိမ်းလုပ်မယ့်လူတွေ လိုအပ်ပါတယ်။ ဂိမ်းတွေက လုပ်ရမှာ ခက်တယ်ဆိုပြီး သိထားတော့ စမ်းမလုပ်ကြည့်ကြဘူး။

အဲဒါကြောင့်လည်းနည်းနေတာပါပါတယ်။ Game Development နဲ့ Community တစ်ခုခု ရှိမယ်ဆိုရင် သိပ်ကောင်းမှာပဲပေါ့။

Voice : ဖြည့်စွက်ပြီး ဘာများပြောချင်သေးလဲဗျ။

SMM : ဖြည့်စွက်ပြီး ပြောချင်တာကတော့ Life is a game. Don’t forget to click ‘Try Again!’. ပေါ့။ ဆိုလိုတာကတော့ ဂိမ်းဆော့ရင် တစ်ခါသေသွားတာနဲ့ ပြန်မကစားခဲ့တာ မရှိသလိုပေါ့။

ဘာပဲလုပ်လုပ် နောက်တစ်ကြိမ် အတွေ့အကြုံယူပြီး စမ်းသပ်ကြည့်ဖို့ပါပဲ။ ပြီးတော့ ဒီနေရာ တစ်ခုပြောချင်တာကတော့ Game Development ကိုတစ်ကယ်စိတ်ဝင်စားရင် တစ်ကယ်လုပ်လို့ ရပါတယ်။ လိုအပ်တာရှိရင် ဘယ်သူ့ကိုမဆို ကူညီပေးချင်ပါတယ်။ အဲဒါကြောင့် fb contact လေး ပေးခဲ့ချင်ပါတယ် Facebookကတော့ www.fb.com/soemyatmin.ndcfomate ပါ။

မောင်မန်း

ABOUT AUTHOR

(မောင်မန်း)