News

POST TYPE

IT

ဖေ့စ်ဘွတ်ခ်ထူထောင်သူ၏ ကြေငြာချက်
03-Mar-2017 tagged as Facebook

(၁)
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖေ့စ်ဘွတ်ခ်ထူထောင်သူ မတ်ဇူကာဘတ် (Mark Zuckerberg) စာတမ်းတစ်စောင်ရေးပြီး တင်ပြသည်ကို ဖတ်လိုက်ရပါသည်။ တစ်ကမ္ဘာလုံး၌ အင်တာနက် သတင်းဆက်သွယ်ဖလှယ်မှုဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ၏ ပြောင်းလဲတိုးတက်မှု အရှိန်ရနေကြချိန်တွင် စိုးရိမ်စရာ အဖြစ်အပျက်များ ဆက်တိုက်ပေါ်ပေါက်နေသည်ဟု ဆိုလိုက်ပါသည်။ သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည့် Mission statement ဟု ဆိုနိုင်သော သူ့ကြေညာချက်မှာ စာလုံးရေ ၅၈၀၀ ခန့်ရှိပြီး ဖူးစကက်စာရွက်နှင့် ဆိုသော် ဆယ်မျက်နှာ ခန့်ရှည်လျားပါသည်။

အခြားကုမ္ပဏီကြီးများမှ စီအီးအိုများအနေနှင့် မိမိတို့ ပြောဆိုလိုသည်များ၊ ပေါ်လစီ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်စဉ် ဘတ်ဂျက်နှစ် အစတွင်ဖြစ်စေ၊ ကုမ္ပဏီ၏ အလွန်အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်စဉ်တွင်ဖြစ်စေ၊ ထုတ်ကုန်အသစ် ဖြန့်ချိလျှင်ဖြစ်စေ အများသိအောင် ထုတ်ပြန်လေ့ ရှိကြပါသည်။

ထိုသို့ ငွေရေးကြေးရေးဆိုင်ရာ ထူးခြားမှု ဘာမှမရှိဘဲ ယခုကဲ့သို့ အချိန်တွင် ထုတ်ပြန်လိုက်ခြင်းက ပို၍ထူးဆန်းနေပါသည်။ အသက် ၃၂ နှစ်အရွယ် ကမ္ဘာ့အထင်ကရ ကုမ္ပဏီ၏ စီအီးအိုဖြစ်သူက ဂလိုဘယ်လိုက်ဇေးရှင်း ဟူ၍ ကမ္ဘာ့ရွာကြီး တစ်ခုတည်း ဖြစ်အောင် ကြိုးပမ်းနေကြသည်မှာ မှားနေပြီလားဟု မေးခွန်းထုတ်လိုက်ပါသည်။

ဖေ့စ်ဘွတ်ခ်ပရိုဂရမ် အနေနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး၊ လူတန်းစား အလွှာအသီးသီးကို တစ်ဦးနှင့်တစ်ဦး အွန်လိုင်းတွင် တွေ့ဆုံခွင့်ရစေရန်၊ ဆောင်ရွက်ပေးပါသည်။ အချင်းချင်းမိတ်ဆွေဖြစ်ခွင့် ရစေရန်၊ တူညီသော ဦးတည်ချက်တစ်ခုအတွက် အလိုတူ ပူးပေါင်းဆောင်ရွက်နိုင်စေရန် လူအများကို စုစည်းပေးခဲ့ပါသည်။

(၂)

တစ်ကမ္ဘာလုံးအစစ ပွင့်လင်းလာနေချိန်တွင် ဂလိုဘယ်လိုက်ဇေးရှင်း၏ အသီးအပွင့်များကို မရရှိ မခံစားရဘဲ ကျန်ရစ်ခဲ့ကြသူများ ရှိနေကြသည်ဟု သဘောပေါက်လာကြရပါသည်။ ထိုသူတို့၏ အလိုမကျမှုများကို တွေ့မြင်နေကြရပါသည်။ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်ကို ရွေးကောက်တင်မြှောက်လိုက်ကြခြင်း၊ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ခွဲထွက်ရန် အင်္ဂလန် နိုင်ငံသားများက မဲပေးခဲ့ကြခြင်းတို့မှာဤအလိုမကျမှုများ၏ရလဒ် ဖြစ်သည်ဟု သူက ယူဆပါသည်။

လူ့ယဉ်ကျေးမှုသည် လူအများ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ထူထောင်ရခြင်း ဖြစ်သည်။ မိသားစုများမှတစ်ဆင့် လူအုပ်စု၊ လူအုပ်စုမှ မြို့ရွာများ၊ မြို့ရွာများမှ နိုင်ငံတစ်ခုအဖြစ် တစ်ဆင့်စီ စုပေါင်းဖွဲ့စည်းရခြင်း ဖြစ်သည်။ Social InfraStructure ခေါ် ထိုလူ့အဖွဲ့အစည်းများသည် လူတို့၏ ဘဝသာယာစိုပြည်ရေး၊ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးတို့အတွက် အရေးကြီးပါသည်။ သုံးစွဲသူ ၁ ဒသမ ၈ ဘီလီယံမျှ ရှိနေပြီဖြစ်သော ဖေ့စ်ဘွတ်ခ်သည် ထိုလူနေမှုစနစ် ခိုင်ခံ့တည်မြဲရေးကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်သမားများ (Terroist) က လူအဖွဲ့အစည်းကို အန္တရာယ် မပြုနိုင်အောင် ကာကွယ်ရေးများမှာ သူတို့၏ ဦးတည်ချက်များတွင် ပါဝင်ပါသည်။

သို့တိုင်အောင် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖော်ပြပါ အချက်နှစ်ချက်ကြောင့် ဖေ့စ်ဘွတ်ခ်၏ တည်ဆောက်ပုံနှင့် ချီတက်ရာ လမ်းကြောင်းမှာ အမှန်မှ ဟုတ်ရဲ့လား၊ ဘာတွေပြုပြင်ရန် လိုပါသနည်း ဆိုသော မေးခွန်းကို မေးထားပါသည်။ တစ်ချိန်တည်းမှာပင် Isolationism ခေါ် တစ်ကိုယ်တည်းဝါဒ၊ မိမိကောင်းကျိုးကိုသာ အဓိကထားသော ဝါဒကိုလည်း လူ့ယဉ်ကျေးမှု တိုးတက်ရာလမ်းကြောင်း အတွက် အနှောင့်အယှက်တစ်ခု ဖြစ်ပါသည်ဟု သတိပေးလိုက်ပါသည်။ Nationalismဟူ၍ အမျိုးကိုချစ်သောဝါဒမှာ နေရာလွဲနေလျှင် အန္တရာယ် ရှိပါသည်။

သူ့အနေနှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကို စတင်တည်ထောင်စဉ်က လူအချင်းချင်း ဆက်သွယ်ပေးသည့် လုပ်ငန်းမှာ မှန်ကန်သော လုပ်ရပ်သာ ဖြစ်ခဲ့ပါသည်။ ဘာမှသံသယ ရှိစရာ မလိုခဲ့ပါ။ တစ်ကမ္ဘာလုံးကလည်း စိတ်ရောကိုယ်ပါ အားပေးခဲ့ကြပါသည်။ 

ဤကဲ့သို့ ဖေ့စ်ဘွတ်ခ်၏ရည်ရွယ်ချက်များကို ၂၀၀၄ ခု ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ထူထောင်စဉ်ကလည်း ရေးသားခဲ့ဖူးရာ ယခု ၁၃ နှစ်ကြာမှ တစ်ကြိမ် ထွက်ပေါ်လာခြင်းကို နယူးယောက်တိုင်း သတင်းစာနှင့် စင်ကာပူ စထရိတ်တိုင်း သတင်းစာကြီးတို့က သတိထားမိပြီး ဖော်ပြပေးခဲ့ကြပါသည်။ သူက ဤစာကိုရေးရန် ယမန်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြစဉ်ကာလ ကတည်းက စတင် စဉ်းစားမိခဲ့ရပါသည်ဟု ဆိုသည်။ သူ့ရည်ရွယ်ချက်မှာ ဖေ့စ်ဘွတ်ခ်သည် လူသားတိုင်းအတွက် အကျိုးပြု အသုံးဝင်စေရမည်၊ စက်မှုတိုးတက်မှုနှင့် တစ်ကမ္ဘာလုံး သတင်းဖြန့်ချိရေးက မြန်ဆန်တိုးတက်လာချိန်တွင် အကျိုးမခံစားရသော လူတွေ ရှိနေခြင်းအတွက် ပြဿနာကို ကူညီဖြေရှင်းပေးကြပါဟု ဖိတ်ခေါ်ခဲ့ပါသည်။

သူ့စာမှာ နိုင်ငံရေးသဘော ဆောင်သော်လည်း မည်သည့် တသီးတခြား နိုင်ငံကိုမှ ရွေးချယ်ဝေဖန်ခြင်း မပြုခဲ့ပါ။ ဖေ့စ်ဘွတ်ခ်ကို တရုတ်နိုင်ငံက မသုံးစွဲရဟု (Blockု) လုပ်ထားသည်။ အိန္ဒိယနိုင်ငံတွင် သုံးစွဲသူများအတွက် ပြဿနာ အများကြီး ရှိနေသည်။ ဥရောပတွင် နိုင်ငံကိုလိုက်၍ ချမှတ်ထားသော ရှုပ်ထွေးသော စည်းကမ်းများ ရှိနေသည်။ မစ္စတာထရမ့် ရွေးကောက်ခံရအောင် ဖေ့စ်ဘွတ်ခ်က သတင်းအမှားများကို ဖြန့်ချိပေးသည်ဟု ဆိုသူက ဆိုနေကြသည်။ ကုမ္ပဏီအနေနှင့်မူ ပြင်ပမှ အနှောင့်အယှက်ကင်းကင်းဖြင့် သုံးစွဲသူများ လက်ဝယ်သို့ ရှင်းရှင်းလင်းလင်း ရောက်ရှိစေရန် ပြုပြင်မှုအမျိုးမျိုး၊ ခုခံကာကွယ်မှု အမျိုးမျိုး ပြုလုပ်လျက်ရှိသည်။

ဖေ့စ်ဘွတ်ခ်၏ ပေါ်လစီကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသော ကိစ္စတစ်ခု လွန်ခဲ့သောနှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့ပါသည်။ ဗီယက်နမ်စစ်အတွင်းက မီးလောင်ဗုံးထံမှလွတ်ရန် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ကမ္ဘာကျော် ကိုယ်တုံးလုံးပုံတစ်ခုကို ဖေ့စ်ဘွတ်ခ်က အဝတ်အစားမပါ၍ ဆိုကာ ဆင်ဆာလုပ်၍ ဖယ်ရှားပစ်ခဲ့ပါသည်။ စစ်၏အနိဋ္ဌာရုံ၊ စစ်၏ဆိုးရွားခါးသီးသော အဖြစ်များကို ထင်ရှားသောပြယုဂ် ဖြစ်သောကြောင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အများက ဆင်ဆာလုပ်ခြင်းကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသောကြောင့် ပြန်လည်ဖော်ပြပေးခဲ့ရပါသည်။ ထိုအချိန်ကစ၍ တစ်ကမ္ဘာလုံး သုံးစွဲကြသော လူမှုရေးဝက်ဘ်ဆိုက်တွင် တစ်ကျောင်းတစ်ဂါထာ၊ ဒေသအလိုက် စည်းကမ်းနည်းလမ်းများ ရှိရမည်ဆိုသော မူဝါဒ ဖြစ်လာခဲ့ရပါသည်။ တစ်ကမ္ဘာလုံး လိုက်နာကြရမည်ဟု မူသေဝါဒ ချမှတ်၍ မရနိုင်ဟု သဘောပေါက်ခဲ့ပါသည်။

တစ်ကမ္ဘာလုံး သုံးစွဲနေကြသဖြင့် တင်လာသမျှကို စောင့်ကြည့်ရန် ခက်ခဲသဖြင့် ကွန်ပျူတာကိုသုံး၍ စက်၏ အသိဉာဏ် (Artificial Intelligent) AI နည်းများဖြင့် စောင့်ကြည့်နိုင်ရန် ကြိုးစားလျက် ရှိပါသည်ဟု ဆိုသည်။

အာရပ်နွေဦးခေါ် အီဂျစ်ပြည်တွင် တော်လှန်ရေး စတင်ဖြစ်ပွားစဉ်က တီဟီရီရင်ပြင်တွင် လူစုလူဝေး စုမိအောင် ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ ဖိတ်ခေါ်စည်းရုံးရပုံများကို ကျွန်တော်တို့ မှတ်မိနေကြပါသည်။ ယခုအခါ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မက်ဆေ့ခ်ျပေးနိုင်သလို တယ်လီဖုန်း ဆက်သွယ်မှုများလည်း လုပ်နိုင်နေကြပါပြီ။

မစ္စတာ ဇူကာဘတ်က ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်တွင် ဖေ့စ်ဘွတ်ခ်ကြောင့် အနုတ်လက္ခဏာ ဆောင်သော ဆိုးကျိုးများရှိနိုင်သလားဟု စဉ်းစားနေချိန်တွင် ဖေ့စ်ဘွတ်ခ်လျှောက်လှမ်းရာ လမ်းကြောင်းသည် နောက်ကြောင်းပြန်ရန် မဖြစ်နိုင်တော့ကြောင်း သူလည်း ရိပ်စားမိပါလိမ့် မည်။

တစ်ကမ္ဘာလုံးက ဝိုင်းဝန်းအသုံးပြုနေကြခြင်းကြောင့် တင်လာသမျှ အရာအားလုံးကို ဆင်ဆာဖြင့် ထိန်းသိမ်းချုပ်တည်းရန် ကြိုးစားမှုမှာလည်း အောင်မြင်နိုင်စရာ အကြောင်း မရှိပါ။

(၃)

ဖေ့စ်ဘွတ်ခ်၏ အောင်မြင်မှုများ၊ လူသိများမှုများကြောင့် ‘အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် အရွေးခံရန် ဆန္ဒမရှိဘူးလား’ ဟု မေးသည်ကို ရယ်စရာတစ်ခုသဖွယ် သဘောထား၍ ငြင်းပယ်ခဲ့ပါသည်။ သူမျှော်မှန်းသည်မှာ ဖေ့စ်ဘွတ်ခ်က ခိုင်ခံ့သော လူ့အဖွဲ့အစည်းတစ်ခုကို ပိုမို၍ခိုင်မြဲအောင်၊ ပိုမို၍အင်အားတောင့်တင်းအောင် လုပ်လိုသော ဆန္ဒသာ ရှိပါသည်ဟု အင်တာဗျူး တစ်ခုတွင် ဖြေခဲ့ပါသည်။

ဖေ့စ်ဘွတ်ခ်မှာ လူအများ ဆက်သွယ်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာတစ်ခုသာ ဖြစ်ပါသည်။ ဖြန့်ချိသောသတင်း မှန်သည်၊ မှားသည်၊ ကောင်းသည်၊ ဆိုးသည်မှာမူ ထိုသတင်းဖြန့်ချိသူတို့ အပေါ်တွင်သာ မူတည်ပါသည်။ ကောင်းကျိုးဆိုးကျိုးတို့ကို ဖေ့စ်ဘွတ်ခ်ပရိုဂရမ်အား တာဝန်ပုံချလျှင်လည်း ဆီလျော်မှုမရှိပါ။ လူ့ယဉ်ကျေးမှုအပေါ် ကောင်းကျိုးပေးသည်၊ မပေးသည်ကို ဆုံးဖြတ်နိုင်ရန်မှာ သုံးစွဲသူ တစ်ဦးချင်းစီ အပေါ်၌သာ တာဝန်ကျရောက်လျက် ရှိပါသည်။

ကိုသန်းလွင်