News

POST TYPE

IT

Chate Sat ဝက်ဘ်ဆိုက် တည်ထောင်သူ မဟန်နီမြဝင်းနှင့် တွေ့ဆုံခြင်း
21-Feb-2017
ပြည်တွင်း၌ နည်းပညာ စွန့်ဦးလုပ်ငန်းများကို လူငယ်ပညာရှင်များက လုပ်ကိုင်လာကြသည်။ ကျောင်းသားလူငယ်များကလည်း အဖွဲ့များ ဖွဲ့စည်းပြီး လုပ်ကိုင်မှုများ ရှိသည်။ သို့သော်လည်း အဖွဲ့လိုက် လုပ်ဆောင်မှု အားနည်းချက်များနှင့် အခြားအခက်အခဲများကြောင့် ပြိုကွဲသွားသည့် အဖွဲ့များလည်း အများအပြားပင် ဖြစ်သည်။ ပြည်တွင်း၌ နည်းပညာ စွန့်ဦးလုပ်ငန်း လုပ်ကိုင်နေသူများ အနက်မှ Chate Sat အမည်ရှိ Freelancer များနှင့် လုပ်ငန်းရှင်များကို ချိတ်ဆက်ပေးမည့် ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မဟန်နီမြဝင်းနှင့် တွေ့ဆုံပြီး Chate Sat ဝက်ဘ်ဆိုက်အကြောင်းနှင့် ပြည်တွင်းနည်းပညာ စွန့်ဦးလုပ်ငန်းများ၏ အခက်အခဲများ၊ နည်းပညာ စွန့်ဦးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည အထောက်အပံ့များ အကြောင်းကို မေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : Chate Sat ဝက်ဘ်ဆိုက်ကို လုပ်ဖြစ်ခဲ့တဲ့ စိတ်ကူးနဲ့ ဒီဝက်ဘ်ဆိုက်မှာ ဘာတွေလုပ်ဆောင်နိုင်မလဲ ဆိုတာ ပထမဆုံး ပြောပေးပါဗျ။

HMW : Background နည်းနည်းပြောပြရမယ်ဆိုရင် ချိတ်ဆက်ရဲ့ Founder က နှစ်ယောက်ဖြစ်ပြီးတော့ ဟန်နီ (CEO) က အရင်က Telecom Engineer ပါ။ Huawei မှာ ၃ နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ပြီး MPT Project တွေ လုပ်ပါတယ်။ နောက်တစ်ယောက်က ရွှေရည်မြဝင်း (CTO) ဖြစ်ပြီးတော့ ဟန်နီ့ရဲ့ ညီမလေးပါ။ သူက Freelance Web Developer ဖြစ်ပြီး အသက် ၁၈ နှစ် ကတည်းက Coding ရေးပါတယ်။ Business Solutions Hackathon 2014 မှာ ပထမဆုရပြီး နောက်ပိုင်း ပြိုင်ပွဲတွေ ဝင်ပြိုင်ရာကနေ တစ်ဆင့် နှစ်ယောက်အတူတူ စတွဲလုပ်ဖြစ်ပြီးတော့ Company တည်ထောင်ဖြစ်ပါတယ်။

အရင်က Technoholic Pte. Ltd. ကုမ္ပဏီ အနေနဲ့ Client အတွက် Website တွေ၊ App တွေ ဆွဲပေးပါတယ်။ နောက်ပိုင်း ကိုယ်ပိုင် Product တစ်ခုကို စလုပ်မယ်ဆိုပြီး စဉ်းစားဖြစ်တော့ လက်လှမ်းအမီဆုံး ပြဿနာတစ်ခုကို ဖြေရှင်းဖို့ Brainstorm လုပ်ရင်းနဲ့မှ ဒါကိုရွေးဖြစ်တာပါ။ 

ညီမလေး ရွှေရည်က အရင်က Freelance Developer လုပ်တော့ Project ယူလာပေးတဲ့ သူငယ်ချင်းကို ရတဲ့လုပ်အားခရဲ့ တစ်ဝက်ပေးရတယ်။ ပြီးတော့ ဒီမှာ (မြန်မာနိုင်ငံမှာ) Freelancer လုပ်မယ်ဆို Network ရှိမှ အဆက်အသွယ်များမှ အဆင်ပြေတယ်။ မဟုတ်ရင် Project ပုံမှန်ရဖို့ ဘယ်မှာသွားရှာရမှန်း မသိဘူး။ ဒီတော့ Project တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ ချိတ်ဆက် Website ကို လုပ်ဖြစ်တာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ဆိုရင်လည်း အရေးတကြီး လူလိုတဲ့အခါမျိုးမှာ လိုတဲ့ အလုပ်တင်လိုက်တာနဲ့ Freelancer အမျိုးအစား အစုံကို Access လုပ်နိုင်မှာပါ။ 

Voice : ဒီဝက်ဘ်ဆိုက် ရေးဆွဲတဲ့ နေရာမှာကျတော့ ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့သလဲ။ 

HMW : အဓိကက Payment အပိုင်းပါ။ ချိတ်ဆက်က တစ်နေရာတည်းမှာ အစအဆုံး ဝန်ဆောင်မှု ပေးတာမျိုး ဆိုတော့ Payment  အပိုင်းမှာ နည်းနည်းအခက်အခဲ ရှိပါတယ်။ လောလောဆယ်တော့ Mobile Banking, Bank Transfer နဲ့ Cash on Delivery တွေပဲ လုပ်ပါတယ်။

နောက်တစ်ခုက Feature တွေက နည်းနည်းများတော့ အသုံးပြုတဲ့ လူတွေရဲ့ Demand/ Feedback အရ အချိန်သိပ်ယူလို့မရပဲ အမြန်ထုတ်ရတာမျိုးတွေ ရှိပါတယ်။

Voice : ဒီဝက်ဘ်ဆိုက်အတွက် ဖန်တီးရာက အထောက်အပံ့ပေးထားတာလို့ သိရတယ်ဗျ။ သူတို့ဘက်က ဘယ်လိုမျိုး အထောက်အပံ့တွေ ပေးတာလဲ။

HMW : ချိတ်ဆက်က ဖန်တီးရာရဲ့ Accelerate Program ထဲမှာ ပါပါတယ်။ အားလုံးပေါင်း အဖွဲ့ ၈၀ ကျော်ထဲက အရွေးခံရတော့ Seed Funding $25,000 အပြင် နည်းပြတွေနဲ့ ပံ့ပိုးပေးပြီး Mentor တွေကလည်း Tech နဲ့ ပတ်သက်တာ၊ စီးပွားရေးနဲ့ ပတ်သက်တာ၊ Finance နဲ့ ပတ်သက်တာ စသည်ဖြင့် သိချင်တဲ့ အပိုင်းတွေကို အမြဲလာသင်ပေးပါတယ်။ ဖန်တီးရာမှာလည်း ရုံးခန်းနေရာ ပေးထားပြီးတော့ တခြား FbStart, Amazon Web Service လိုမျိုး Free Services တွေလည်း အများကြီး ပံ့ပိုးပေးထားပါတယ်။

Voice : Freelancer အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးဖို့အတွက် အသုံးပြုနိုင်မှာဆိုတော့ ဒီဝက်ဘ်ဆိုက်ကို လက်ရှိအသုံးပြုနေတဲ့ Freelancer ဘယ်လောက်ရှိနေလဲဗျ။ လုပ်ငန်းရှင်တွေ ဘက်ကရော ချိတ်ဆက်တာ ဘယ်လောက်ရှိသလဲ။ မိုဘိုင်းလ် App ရော ထုတ်ဖို့ အစီအစဉ် ရှိမလား။

HMW : Website ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ စ Launch ခဲ့ပြီးတော့ အခု Website ကို အသုံးပြုတဲ့ လူအားလုံးပေါင်း သုံးထောင်ကျော် ရှိပါတယ်။ Register လုပ်ထားတဲ့ Freelancer ပေါင်းကတော့ ၂၄၀၀ ကျော် ရှိနေပါပြီ။ အမျိုးအစားအနေနဲ့ Designer, Developer, Copywriter, Translator တွေအပြင် Marketer, Data Entry, Promoter တွေ ပါရှိပြီး လုပ်ငန်းရှင်အနေနဲ့ ချိတ်ဆက်တာကတော့ ၅၀၀ ကျော် ရှိပါတယ်ရှင့်။ နောက်ပိုင်း Feature တွေ အကုန်ထုတ်ပြီးတဲ့ အခါမှာ Mobile App ကိုပါ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Voice : ဒီဝက်ဘ်ဆိုက်ကို အသုံးပြုမယ်ဆိုရင် Freelancer တွေနဲ့ လုပ်ငန်းရှင်တွေအတွက် ဘယ်လောက်အထိ ထိရောက်သွားမလဲ။ 

HMW : အဓိက Freelancer တွေ အနေနဲ့ နံပါတ်တစ် Project တွေ အများကြီးကို တစ်နေရာတည်းမှာ တွေ့ရမယ်။ နှစ်က အပြင်မှာ အလုပ်အပ်ရင် ပိုက်ဆံရတာ နောက်ကျတာမျိုး၊ ပိုက်ဆံလုံးဝ မရလိုက်တာမျိုးတွေ မဖြစ်အောင် ချိတ်ဆက်က တာဝန်ယူပေးတယ်။ လုပ်ငန်းရှင်တွေ အတွက်ကတော့ အချိန်ပြည့် ဝန်ထမ်းတွေ အများကြီး ခန့်ထားမယ့်အစား အချိန်ပိုင်း ဝန်ထမ်းတွေကို လိုအပ်မှ လိုသလို သုံးလို့ရမယ်။ ဥပမာ- ပိတ်ရက်တွေမှာ၊ ကိုယ့်ဝန်ထမ်းတွေ မအားတဲ့ အချိန်မျိုးမှာ Freelancer နဲ့ သုံးတော့ လုပ်ငန်းကို 24/7 လည်ပတ်နိုင်တာမျိုးပါ။ တစ် ကျွမ်းကျင်ဝန်ထမ်းတွေရမယ်။ နှစ် Requirement အတိုင်း ရလဒ်ရမယ်။ သုံး Review တွေ Rating တွေ ပါတော့ လူရွေးရခက်တာမျိုး မရှိတော့ဘူး။ ပြီးတော့ နှစ်ဖက်စလုံးအတွက် ‘Work Room’ Feature ရှိတဲ့အတွက် ချိတ်ဆက်ပေါ်မှာပဲ Data ပေးတာတွေ စကားအပြန်အလှန် ပြောတာတွေ လုပ်လို့ရတော့ တခြား Platform သုံးစရာမလိုပဲ တစ်နေရာတည်းမှာတင် အလုပ်ပြီးပါတယ်။

Voice : ပြည်တွင်းမှာ နည်းပညာသမားတွေ အတွက် လုပ်ကိုင်ရတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေမလား။ ရှိနေတယ်ဆိုရင် ဘယ်လိုဟာတွေ ဖြစ်မလဲ။

HMW : Serverတွေ၊ Domain တွေ ဝယ်တဲ့အခါ ဥပမာ- Google Developer Account ဖွင့်ဖို့ဆို မြန်မာနိုင်ငံက Official Listed မဖြစ်တော့ အခက်အခဲ ရှိတာမျိုးတွေ ရှိပါတယ်။

Voice : အခုအချိန်မှာ ကျောင်းတွေက လူငယ်တွေကလည်း ဒီလိုနည်းပညာ ထုတ်ကုန်တွေကို ထုတ်လုပ်လာနိုင်ကြတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ သူတို့တွေ လုပ်ငန်းခွင်ဝင်ဖို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်နည်းပညာ စွန့်ဦးလုပ်ငန်း လုပ်ကိုင်ဖို့အတွက်ဆိုရင်ပဲ ဖြစ်ဖြစ် ဘယ်လိုအထောက်အပံ့တွေ လိုအပ်မလဲဗျ။

HMW : နည်းပညာ စွန့်ဦးလုပ်ငန်း လုပ်ကိုင်ဖို့ အတွက်က Incubator/ Accelerator တွေ ဒီထက်အများကြီး လိုပါတယ်။ Idea က အရေးကြီးပေမယ့် အဓိက ကျတာက Execution အပိုင်းပါ။ ဒါကို အလုပ်ဖြစ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်နိုင်လား၊ ဖြစ်လာဖို့ ကြိုးစားရင်လည်း ကိုယ့်တစ်နိုင်နဲ့ ရပ်သွားလို့ မရတဲ့အတွက် ငွေအား၊ လူအားအနေနဲ့ အထောက်အပံ့တွေ အများကြီး လိုအပ်ပါတယ်။

Voice : လူငယ်တွေက အဖွဲ့တွေဖွဲ့ပြီး နည်းပညာ စွန့်ဦးလုပ်ငန်း လုပ်ဖို့ ကြိုးစားကြတာလည်း တွေ့ရတယ်ဗျ။ ဒါပေမဲ့ တော်တော်များများက နောက်ပိုင်းမှာ အဖွဲ့ ပြိုကွဲသွားကြတာ များတယ်။ ဒီနေရာမှာ အဖွဲ့လိုက် ဆောင်ရွက်မှုလိုဟာမျိုး အားနည်းတယ်လို့ ပြောလို့ရမလား။ ဘယ်လိုတွေ ပြင်ဆင်သင့်သလဲ။

HMW : သွေးပူတုန်း ခဏမဟုတ်ဘဲ ဒီလုပ်ငန်းကို လုပ်ငန်းတစ်ခု အနေနဲ့ ဘယ်လို Run ကြမလဲ၊ ကိုယ်လုပ်မယ့် Team နဲ့ လိုက်ဖက်ရဲ့လား၊ Passionate ဖြစ်ကျရဲ့လား၊ မနက်မိုးလင်းတိုင်း ဒါလုပ်ရမယ်ဆို လုပ်ချင်ရဲ့လား ဆိုတာကို စလုပ်မယ် ဆုံးဖြတ်တည်းက ပြင်ဆင်သင့်ပါတယ်။

Voice : နည်းပညာသမားတွေ ပြည်ပထွက်ခွာ လုပ်ကိုင်ကြတဲ့အခါ တိုင်းပြည်က သူတို့ရဲ့ လူ့စွမ်းအားတွေကို ဆုံးရှုံးတာပေါ့။ နောက်ပိုင်း ပြန်လာတာကတော့ တစ်ပိုင်းလေ။ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်အထိ ဖန်တီးပေးဖို့ လိုအပ်ဦးမလဲ။

HMW : အခုဆိုရင် လူ့စွမ်းအားအရင်းအမြစ်က လုပ်ငန်းရှင်တိုင်း ညည်းတွားနေကြတဲ့ ပြဿနာတစ်ခုပါပဲ။ Foreign Company တွေ အများကြီးလည်း ရောက်လာပြီး လုပ်ငန်းအသစ်တွေ အများကြီးမှာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှိကြပါတယ်။ International Pay Scale  နဲ့ ကိုက်ညီတာမျိုးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ နည်းပညာ စွန့်ဦးလုပ်ငန်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် အစိုးရ အနေနဲ့ရော ဘယ်လိုအထောက်အပံ့တွေ ပေးဖို့လိုမလဲ ပြောပေးပါဦးဗျ။

HMW : တခြားနိုင်ငံတွေမှာဆို အစိုးရဘက်က ပံ့ပိုးမှုတွေ အများကြီး ရပါတယ်။ Funding အရရော တခြား Knowledge ပိုင်းအရရော Network ပိုင်းအရရော ဥပမာ- နိုင်ငံတကာပြပွဲ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်တွေ အများကြီး အထောက်အပံ့ ပေးမယ်ဆို နိုင်ငံတကာကလည်း မြန်မာရဲ့ နည်းပညာ စွန့်ဦးတီထွင်သူတွေကို မြင်လာမှာပါ။                              

မောင်မန်း 


ABOUT AUTHOR

(မောင်မန်း)